Tag
Lifestyle

အချစ်မှ လွတ်မြောက်ခြင်း။

Kyi Kyi | 2019/05/27 17:02:44

ဒီအချိန် သူဘာလုပ်နေပါလိမ့်-

တစ်ယောက်ယောက်နဲ့များရှိနေမလား။

ဒီအတွေးက ရင်ကိုပူလောင်စေလှသည်။

အတုန်းအရုန်းအိပ်နေတဲ့ သားသမီးလေးတွေကို ကြည့်ရင်း

သူအိပ်နေကြ နေရာလေးဆီ အကြည့်ကရောက်ရသည်။

ရင်ကိုခွဲပြလို့ရရင် ပြလိုက်ချင်ပါရဲ့။ငါ့ရင်ထဲ အပူဆုံး အပူမီးတွေ အရှိန်ငြီးငြီး တောက်လောင်လို့နေတာကို။

တစ်နေကုန် အလုပ်လုပ်ရလို့ပင်ပန်းတယ်ဆိုတာထက် အချိန်တန် နေရာမှာ ရှိမနေတဲ့ လူတစ်ယောက်ကြောင့် ဘယ်လောက် စိတ်ဓာတ်ကျ ပင်ပန်းရလဲ ဆိုတာ သူ့ကိုသိစေချင်တော့သည်။

သူ့နေရာမှာ ပုံမှန် မရှိတော့တာ အချိန်တစ်ခုကြာလာပါပြီ။ လိုက်လျောညီထွေ ဖြစ်အောင် အရိပ်အချည်ကြည့်နေရင်း ကိုယ့်နေရာလေးပါ မပျောက်အောင် ထိန်းသိမ်းနေရတာ ပင်ပန်းလှပါသည်။

ပထမ သူ အိမ်ပြန်နောက်ကျလာသည်။ ဒုတိယ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပွဲတွေ များလာပြီး အိမ်အသုံးစရိတ်တွေကို စိတ်မဝင်စားတော့။ နောက်ပိုင်း သားသမီးတွေအပေါ် ဝတ်ကြေတမ်းကြေ ဖြစ်လာပြီး ကိုယ့်အပေါ် ရှိသည်ဟုပင်မထင်တော့လို့ ခံစားနေရသည်။ ဒီကတဆင့်တက်တော့ သူညအိပ်ခရီးတွေ ဆက်တိုက် ထွက်လာတော့သည်။

မိန်းမတွေ စကားများရင် ယောကျာင်္းတွေ စိတ်ညစ်ရသည် တဲ့။ သူ့ကို စိတ်မညစ်စေချင်လို့ ကိုယ့်ပါးစပ်ကို မလိုအပ်တဲ့ မေးခွန်းတွေ မမေးမိအောင် ထိန်းသိမ်းထားမိသည်။

မိန်းမတွေ ရှာသလောက်နဲ့လောက်အောင်မသုံးရင် အိမ်တွင်းရေး မသာယာဖြစ်သည် တဲ့။သာယာသော အိမ်ထောင်တစ်ခု ဖြစ်အောင် အိမ် အသုံးစရိတ်တွေလုံလောက်ရေးကို ကိုယ့်ပုခုံးပေါ် ထမ်းထားမိသည်။

မိန်းမက ဆွဲဆောင်မှုမရှိရင် အိမ်ကယောကျာင်္း အပျော်ရှာသည် တဲ့။ ချစ်လို့ယူထားတဲ့ အိမ်ထောင်ရေးမှာ သူမချစ်တော့တဲ့အခါ ဆိုတဲ့ အတွေးမျိုး ပါးပါးလေးတောင်မရှိခဲ့လို့ တစ်ဘဝလုံးကို သူ့သဘောအတိုင်းသာ အပ်နှင်းထားမိသည်။

သူ့လုပ်ငန်းခွင်။ သူ့အပေါင်းအသင်း။ သူ့ဖုန်းအပါအဝင် သူ့အသုံးအဆောင်မှန်သမျှကို ဝင်စွက်ဖက်ခြင်းမရှိ သူပြောသမျှနဲ့ကိုယ့်ကမ္ဘာကို တည်ဆောက်ထားခဲ့မိပါသည်။

ခုတော့ သူက သူ့နေရာမှာ မရှိတော့ပြီ။

သောကရောက်နေတဲ့ ရင်ခွင်တစ်ခု။

မျက်ရည်ခမ်းနေတဲ့ မျက်လုံးတစ်စုံနဲ့ ပြောစရာ စကားတွေ ပြည့်နေသလောက် -

အပြုံးကင်းမဲ့တဲ့ နှုတ်ခမ်းတွေ ပိုင်ရှင်

မိန်းမ တစ်ယောက်ဘဝက အထီးကျန် လွန်းလှသည်။

ငါ ဘာမှားသွားတာလဲ လို့ အပြန်ပြန်အလှန်လှန် စဉ်းစားနေမိရင်း -

မင်းကို ငြီးငွေ့နေလို့ လွတ်လပ်ခွင့်ပေးလိုက်ပါတော့ကွာ စကားတစ်ခွန်း ကြောင့် လန့်နိုးခဲ့ရသည်။

"လွတ်လပ်ခွင့်"-

ဇနီးမယား ဆိုတဲ့ တရားဥပဒေနဲ့ ချုပ်နှောင်ထားမှု။

သားသမီးတွေရဲ့ဖခင်ဆိုတဲ့ ကြိုးတစ်ချောင်းနဲ့ချည်နှောင်ထားမှု။

သူ့မိန်းမက ရိုးရိုးအေးအေးကြီး လို့

စိတ်ပျက်စေခဲ့တဲ့ ပတ်ဝန်းကျင်က သူထွက်ခွာဖို့ လွတ်လပ်ခွင့်ကို သူလိုအပ်လာတဲ့အခါ

ကိုယ်ဘာဆက်လုပ်ရမလဲ တကယ် မသိတော့ပါပြီ။

မင်းမရှိလို့ မဖြစ်ပါဘူး ဆိုတဲ့ အချိန်တွေ။

မင်းကသာ ငါ့ဘဝမှာ အလင်းရောင်နဲ့နွေးထွေးမှုပါ ဆိုတဲ့ ခံစားချက်တွေ။

မင်းကြောင့် ငါရှင်သန်နေရတာပါ ဆိုတဲ့ လိုအပ်မှုတွေ

အခုတော့ အဝေးဆုံးသို့ ထွက်ပြေးသွားလေသည်။

သူလိုအပ်တဲ့ လွတ်မြောက်ခွင့် ကို ပေးနိုင်ဖို့ ကိုယ်အရင် လွတ်မြောက်ဖို့ လိုအပ်နေပါသည်။

သူ့ကို ချစ်လွန်းလို့ "သူမရှိရင် မဖြစ်ဘူးဆိုတဲ့ အရာမှန်သမျှက "ကိုယ်လွတ်မြောက်မှ သူ့ကို လွတ်မြောက်ခွင့် ပေးနိုင်စွမ်းရှိမှ ဖြစ်သည်။

ဒီတော့- သူရှိသည် ဖြစ်စေ။ မရှိသည် ဖြစ်စေ။ ကိုယ်နေတတ်အောင် လေ့ကျင့်ရတော့သည်။

သူပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ။ စားဝတ်နေရေး ကို ဖန်တီးတတ်အောင် ရှာဖွေရတော့သည်။

အမေ လို့တာဝန်ရှိပေမယ့် အဖေ့နေရာကိုပါ ယူရင်း ကိုယ်လိုချင်တဲ့ မိသားစုဘဝကို ကျားကန်ထားရသည်။

ကိုယ်ပေးနိုင်တဲ့ လွတ်မြောက်ခွင့် အတွက် အရာရာကို ခွင့်လွှတ်ခြင်း နဲ့စွန့်စားခဲ့ရသည်။ သူ့မိန်းမက ရိုးရိုးအေးအေးကြီးနော် ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ဖြုတ်ချလိုက်တဲ့အခါ ထက်မြက်ခြင်းကို ဖန်တီးနိုင်ခြင်းနဲ့အတူ ဘဝထဲက အချစ်ဆိုတာ အလိုလို

အခုတော့ အချိန်ဆိုတဲ့ သမားတော်ကုစားမှုကြောင့် ကိုယ်အဆင်သင့်ဖြစ်လာခဲ့ပြီ။သူမရှိတော့တာကြာပေမယ့် ကိုယ့်ဘဝက သာယာငြိမ်းချမ်းနေခဲ့သည်။ သူ့ကိုပေးလိုက်တဲ့ လွတ်မြောက်ခြင်းနဲ့အတူ ကိုယ်ဟာလည်း သူမရှိရင် မဖြစ်ဘူးဆိုတဲ့ ခံစားချက်က လွတ်မြောက်ခဲ့ရပါသည်။

အချစ်ဆိုတာ ပေးဆပ်လွန်းတဲ့အခါ သွေးအေးစေတတ်သလို တောင်းဆိုလွန်းတဲ့အခါ အဝေးပြေးသွားစေတဲ့အရာလို့ အဓိပ္ပာယ်ဖွင့်ဆိုချင်မိသည်။

အချစ်နဲ့တည်ဆောက်ထားတဲ့ ဒီကမ္ဘာမှာအချစ်အပေါ် အမှီအခိုကင်း ရပ်တည်ခြင်း သည်သာ အရေးအကြီးဆုံးပါလို့ ချစ်တတ်သူတိုင်းကို သတိပေးလိုက်ရင်း နိဂုံးချုပ် လိုက်ရပါသည်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.