Tag
Lifestyle

ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပါ။

Kyi Kyi | 2019/05/27 16:58:33

ကျွန်မတို့ နိုင်ငံ အရမ်းညစ်ပတ်တယ်။

ကျွန်မတို့လူမျိုးတွေ တယောက်နဲ့တယောက်အကောင်းမမြင်ကြဘူး။

ကျွန်မတို့အစိုးရပေါ်လစီ မကောင်းဘူး။

ဒီတော့ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။

ပညာတွေသင်ပြီး ဒီနိုင်ငံ။ ဒီလူမျိုးနဲ့ဝေးရာမှာ ကိုယ်လွတ်ရုန်းကြမလား။

မကောင်းတာတွေ ထိုင်အပြစ်တင်ပြီး ဆရာကြီးလုပ်ကြမလား။

ဒီနိုင်ငံမှာမှ လူလာဖြစ်ရလေခြင်းလို့ ကိုယ့်မိဘ ကိုယ့်ကံကြမ္မာကို စိတ်ပျက်အားငယ်နေမလား။

ပညာတွေ သင်ယူပြီး ကိုယ်လွတ်ရုန်းဖို့ကြိုးစားတဲ့သူတွေလည်း - သူတို့ရဲ့အသားအရောင် အသွင်အပြင် စိတ်ဓာတ်တွေက မြန်မာ ဖြစ်တယ် ဆိုတာ ကိုဖယ်ထုတ်ပစ်လို့မရကြပါဘူး။

ဘယ်နိုင်ငံသားပဲ ခံထားကြပါစေ။ အဲဒီိနိုင်ငံက လူတွေ အဖြစ်စာရွက်ပေါ်မှာသာ ပြောင်းလဲနိုင်ပါတယ်။

အရာရာကို ထိုင်အပြစ်တင်နေလို့ရော အားလုံးက အလိုလိုနေရင်း ကောင်းလာကြမှာလား။

မြန်မာအဖြစ် မွေးဖွားလာခဲ့ပြီးမှ မြန်မာဖြစ်ရခြင်းကို အားငယ်နေလို့ရော ဘာထူးခြားမှာလဲ။

နှစ်ဘယ် နှစ်ဆယ်လောက် နောက်ကျကျန်ခဲ့တဲ့အကြောင်း ရင်ထုမနာနေပဲ ကိုယ်ကအစ ဘယ်လိုအမှီလိုက်မလဲ အရင်စဉ်းစားကြည့်ရအောင်။

လူရှိရှိ မရှိရှိ အမှိုက်တွေ နေရာတကျ စွန့်ပစ်နေပြီလား။

ဓာတ်လှေကားမှာ၊ ငွေရှင်းကောင်တာမှာ၊ ရုပ်ရှင်ရုံမှာ တန်းစီတတ်နေပြီလား။

ကားလမ်းကြောင်း မှန်အောင် လုယက်တိုးဝှေ့ခြင်းမရှိပဲ မောင်းနေပြီလား။

စည်းကမ်းဆိုတာ လိုက်နာရမယ့် အရာလို့လက်ခံထားပြီလား။

ကိုယ့်ထက်နိမ့်ကျသူတွေကို

အထက်ပါ အဖြေတွေအားလုံးက Yes ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်သားသမီး။ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေ ကိုပါ yes ဖြစ်အောင် စည်းရုံးပါ။ လွယ်မယောင်နဲ့ခက်ပေမယ့် လုပ်ကိုလုပ်ရပါမယ်။

ဆက်လက်ပြီး -

ကိုယ့်ထက် ချမ်းသာသူတွေကို အထက်ဖားအောက်ဖိစိတ်ဓာတ်နဲ့ လူညီရင် ဤကို ကျွဲဖတ်ဖို့ဝန်းရံတဲ့အထဲပါနေပြီလား။

ရာထူးအာဏာမြင့်နေသူတွေက ဘဝကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ယုံကြည်ထားပါသလား။

မှားနေတဲ့ ယုံကြည်ချက်တခုကို အမှားလို့ပြောရဲတဲ့ သတ္တိထက် ကြောက်စိတ်နဲ့ပါးစပ်ပိတ်နေတဲ့အထဲ ပါနေပြီလား။

အထက်ပါအဖြေတွေအားလုံးက No ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်သားသမီး၊ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေကိုပါ No ဖြစ်လာအောင် စည်းရုံးပါ။ အပြောထက် လက်တွေ့လုပ်ပါ။ ခက်ပေမယ့် လုပ်ကိုလုပ်ရပါမယ်။

ကိုယ့်အတွက်-

စာများများဖတ်ပါ။ ပညာသင်ပါ။

အလုပ်လုပ်ပါ။ ငွေတိုးပွားအောင်လုပ်ပါ။

ဘဝရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းတွေကို ဆန်းစစ်အဖြေထုတ်ကြည့်ပါ။

ကမ္ဘာကြီးကို သိအောင် နိုင်ငံအပြင်ထွက်လေ့လာပါ။

အရှုံးပေးတဲ့စိတ်ထက် အကောင်းမြင်တတ်တဲ့စိတ်နဲ့ အရာရာကိုလက်ခံကြည့်ပါ။

အများအတွက်-

ကမ်းခြေက ကြယ်ငါးတွေလိုပဲ တနိုင် အသက်ကယ်ဖို့ ပင်လယ်ပြင်ထဲ ပြန်ပစ်ထည့်ပေးပါ။

သိသမျှ အတွေ့အကြုံဗဟုသုတ ဝေငှပေးပါ။ ဆရာကြီး လုပ်တယ်အထင်ခံရမှာ မကြောက်ပါနဲ့။

အားငယ်သူအားပေးပြီး အားကြီးသူရဲ့ ရပ်တည်မှုကို အတုယူပါ။

စိတ်သဘောထားခြင်းမတိုက်ဆိုင်တဲ့အခါ ဥပေက္ခာပြုလိုက်ပါ။

ကိုယ်တိုင်ကို အရင် သန်မာအောင် ရပ်တည်ပါ။သူတစ်ပါးအတွက် သန်မာအောင် ရပ်တည်ပါ။

ရပ်ရွာအတွက် သန်မာသူ ဖြစ်အောင် ရပ်တည်ပါ။

မြန်မာမြေမှာ မွေး။ မြန်မာမြေမှာ ကြီးပြင်းတာ မှန်ရင်တော့- မျိုးချစ်ပုဂ္ဂိုလ် အခေါ်မခံရလည်း ကိုယ့် လူမျိုးတွေ တိုးတက်ရေးအတွက် ကိုယ်တိုင် တိုးတက်နေဖို့တာဝန်ရှိနေပါတယ်။

ကိုယ့်ရဲ့ တိုးတက်မှုကိုလည်း ကိုယ့်လူမျိုးတွေအတွက် ဝေမျှ ခံစားနိုင်တဲ့သူဖြစ်မှသာ အသက်ရှင်ရခြင်းရဲ့ အနှစ်သာရကို အပြည့်အဝ ရရှိလိမ့်မယ်လို့လက်ခံကျင့်သုံးနေပါတယ်။

ကျွန်မ ဒီ post ကို like လိုလို့ အများကြိုက် ရေးထားတာမဟုတ်ပါဘူး။ စိတ်ပျက်စရာကောင်းလိုက်တာလို့ ထိုင်အပြစ်တင်နေတဲ့လူတွေအတွက် ဦးတည်ရေးထားတာပါ။ ကျွန်မတို့အထင်ကြီး အားကျတဲ့ တခြားနိုင်ငံတွေမှာ ကျွန်မတို့ဟာ ခဏတာလည်ပတ်ခွင့်ရ ဧည့်သည် အဆင့်ပဲရှိပါတယ်။

ကျွန်မတို့ရဲ့အိမ် အစစ်ရှိတဲ့ ကျွန်မတို့နိုင်ငံကသာ ခိုလှုံရာအစစ်အမှန်မို့ ပိုကောင်းအောင် ဝိုင်းဝန်း အကောင်အထည်ဖော်ကြပါစို့လို့ တိုက်တွန်းပါရစေလားရှင်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.