Tag
Lifestyle

အလုပ်လုပ်ရမှာ ရှက်နေတယ်လား???

Kyi Kyi | 2019/05/27 16:49:47

အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တာနဲ့

အလုပ် ခဏခဏ ပြောင်းတာ ဘယ်ဟာပိုကောင်းလဲ။

အထက်ပါ မေးခွန်းလေးကို လက်ရှိအလုပ်လုပ်နေသူတွေ မကြာခဏ စဉ်းစားဖြစ်မယ်ထင်ပါတယ်။

ဒီနေ့ခေတ် လူငယ်တွေဟာ အလုပ်ခဏခဏပြောင်းတတ်ကြတယ်။

ဘာဖြစ်လို့ပါလဲ။

အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများနေလို့ပဲ ဖြစ်ပါတယ်။

အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဟာ ဒီနေ့အလုပ်ထွက်လိုက်တာနဲ့ နောက်နေ့ အလုပ်ပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေလောက်အောင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများနေကြပါတယ်။

ဒါပေမယ့် ကျွန်မတို့ စိတ်ကျေနပ်မှု ရကြရဲ့လား။

လစာနည်းတယ်။ အလုပ်ချိန်များတယ်။ စနေ တနင်္ဂနွေမပိတ်ဘူး။ အစရှိတဲ့ ဆင်ခြေမျိုးစုံနဲ့ အလုပ်လုပ်ရမှာကို စိတ်ပျက်နေကြပါတယ်။

နိုင်ငံခြား ထွက်လုပ်ရရင်တော့ ပိုကောင်းမှာပဲလို့ စိတ်ကူးယဉ်ကြပါတယ်။ ဒီမှာနေလို့လည်း တိုးတက်မှာ မဟုတ်ပါဘူးလို့ စိတ်အားငယ်ကြပါတယ်။

ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ရဲ့ မှတ်သားဖွယ်စကားလေးတစ်ခွန်းရှိပါတယ်။

ကျောထောက်နောက်ခံ မရှိတဲ့အခါ - ၀န်ထမ်းလုပ်ချင်ရင် နိုင်ငံခြားထွက်ပါ ။

သူဌေးဖြစ်ချင်ရင်တော့ ဒီနိုင်ငံထဲမှာ နေပြီး အလုပ်လုပ်ပါ- ဖြစ်ပါတယ်။

ဒီစကားကို ကြားရင် မဖြစ်နိုင်ပါဘူးလို့ အရင်စဉ်းစားကြမှာပဲ ဖြစ်ပါတယ်။

ငွေကို အကန့်အသန့်မရှိ သုံးနိုင်တဲ့ သူဌေးဖြစ်ချင်ရင်တော့ အခုအချိန်ထိ အလုပ်အကိုင် အခွင့်အလမ်းတွေများနေသေးတဲ့ ကိုယ့်တိုင်းပြည်ထဲမှာပဲ နေသင့်ပါတယ်။

၁။ အလုပ်ကို ကြေးမများပဲ စလုပ်လိုက်ပါ။ ဘယ်အလုပ်မဆို တသက်လုံးလုပ်မယ်ဆုံးဖြတ်ပြီး လုပ်ကြတာမဟုတ်တာမို့ ကိုယ့်အတွက် ပညာ ရမရ အရင်လေ့လာပါ။



၂။ လက်ရှိ လုပ်ငန်း အတွေ့အကြုံထက်ပိုကောင်းတဲ့ ရာထူးမျိုးကို ပြောင်းနိုင်အောင် အရည်အချင်းဖြည့်ပါ။ ( လက်ရှိထက် လစာပိုကောင်းတဲ့နေရာလို့ မဆိုလိုပါဘူး။) လုပ်ရတာတူပြီး လစာပိုကောင်းရုံနဲ့ ဘ၀အတွက်အထောက်အကူဖြစ်ပြီမထင်ပါနဲ့



၃။ မိတ်ဆွေအပေါင်းအသင်း နယ်ပယ်ကို နာမည်ကောင်းဖြင့် ချဲ့ထွင်ပါ။

ငါလုပ်တာ ဘယ်သူသိတာမှတ်လို့ အတွေးမျိုးနဲ့ အလုပ်ကို တစ်ခါစားလုပ်တတ်သူမျိုးတွေကတော့ ဘယ်တော့မှ အထက်တန်းကိုတက်မလာတတ်ပါဘူး။



၎။ လူတွေကို ရွေးချယ်ပေါင်းသင်းပါ။ ဘ၀တက်လမ်းအတွက် ပတ်ဝန်းကျင်ကောင်းနဲ့ လူကောင်းတွေ လိုအပ်ပါတယ်။

၅။ ပညာသင်ဖို့ အတွက်အချိန်မပေးနိုင်ဘူး ပိုက်ဆံ မရှိဘူးဆိုရင်တော့ လက်ရှိနေရာ လက်ရှိလစာမှာ ပဲ နေရမှာပါလားဆိုတာ သိထားပါ။

ကြိုးစားတယ်ဆိုတာ မလွယ်ကူပါဘူး။ ခက်ခဲပင်ပန်းပြိး ဆင်းရဲပါတယ်။ ဒါကို ကျော်ဖြတ်ပြီးပြီဆိုရင်တော့ အကျိုးရလာဒ်ကို အမှန်ခံစားရမှာပဲဖြစ်ပါတယ်။

ကျွန်မတို့ တိုင်းပြည်ရဲ့ လူငယ်တွေစိတ်ထဲမှာ စွဲနေတဲ့ ယုံကြည်ချက်တစ်ခု ရှိပါတယ်။ အဲဒါက ကျွန်မတို့ခေတ်က အကပ် လို့ ခေါ်ပြီး အခုခေတ်မှာတော့ စပွန်ဆာ လို့ ခေါ်တဲ့ ဖြတ်လမ်းနည်းပါ။ ဖြတ်လမ်းနည်းမရှိရင် ဘယ်လိုချမ်းသာမလဲ လို့ လွယ်လွယ်လေးတွေးကြပါတယ်။ မိဘဆီက ရမယ့် အရင်းအနှီး၊ တစ်စုံတစ်ယောက်ဆီက ရမယ့် အရင်းအနှီး ၊ ဘာပဲပေးဆပ်ရပေးဆပ်ရ အရင်းအနှီးရဖို့သာ အဓိကလို့ အောင်မြင်ခြင်းကို ငွေနဲ့သာ စချင်ကြပါတယ်။

အရင်းအနှီးရှိပေမယ့် လုပ်ငန်းနဲ့ပတ်သတ်တာ ဘာမှမသိတဲ့အခါ ရှိသမျှ အရင်းအနှီးအကုန်ကုန်မှာပဲ ဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူတွေကို ကြည့်ပါ။စပွန်ဆာကြောင့် အောင်မြင်လာသူတွေဟာ ဘယ်တော့မှ အောင်မြင်မှု သက်တမ်းမရှည်ပါဘူး။ တစ်ခြားတစ်ယောက်အပေါ်အမှီပြုနေရတာ ဖြစ်တဲ့အတွက် အမှီပြုနေတဲ့သူ ပြိုလဲတာနဲ့ ကိုယ့်ရဲ့အောင်မြင်မှုပါ ဆုံးရှုံးသွားတာ ထုံးစံဖြစ်ပါတယ်။

ကိုယ့်ဘ၀ ကိုယ်လျှောက်ဖို့ ဘယ်တော့မှ အကပ် မလိုပါဘူး။ စပွန်ဆာ မလိုပါဘူး။ ကိုယ်တိုင်ရဲ့ အောင်မြင်ခြင်းကို ငတ်မွတ်တဲ့ ကြိုးစားချင်စိတ်သာ လိုပါတယ်။

နယ်ကနေ ရန်ကုန်ရောက်ခါစက - အမျိုးတစ်ယောက်အိမ်မှာ ခဏ တည်းခိုနေထိုင်ခဲ့ရပါတယ်။ အခုခေတ် အိမ်ဖော် အလုပ်လုပ်ရမှာ ရှက်လိုက်တာ လို့ပြောတဲ့သူတွေတွေ့ရင် ကျွန်မ တကယ်ရယ်ချင်ပါတယ်။ အိမ်ဖော်လုပ်တာကမှ လစာ ခံစားခွင့်ရှိပါသေးတယ်။ အမျိုးအိမ်မှာ နေရတယ်ဆိုတာ မိဘနောက်ခံမတောင့်တင်းရင် လစာမရတဲ့ အိမ်ဖော် အလုပ်လုပ်ရတယ်ဆိုတာ နေဖူးသူတွေ သိကြမှာပါ။ ဒါဟာ စိတ်ပျက်အားငယ်စရာမဟုတ်ပါဘူး။ ဒီနေရာမှာ အကြာကြီးနေမှာ မှမဟုတ်တာဆိုတဲ့ စိတ် ရှိဖို့ပဲ လိုပါတယ်။

အလုပ်လုပ်ရမှာ ဘယ်တော့မှ မရှက်ပါနဲ့။

အလုပ်မရှိမှာကိုသာ ရှက်ကြပါ။

အလုပ် လုပ်တာ တနေရာမှာ စွဲမြဲလုပ်နေတာထက် ဘ၀တက်လမ်းအတွက်သာ ရွေးချယ် အလုပ်လုပ်ကြပါ။

နိုင်ငံခြားထွက်အလုပ်လုပ်မှ အလုပ်ရှိနေတာ မဟုတ်ပါဘူး။

ယူလို့မကုန်တဲ့ အတွေ့အကြုံတွေနဲ့ အခွင့်အလမ်းတွေ ရှိနေသေးတဲ့ ကိုယ့်တိုင်းပြည်မှာလည်း လိုလျှင် ကြံဆ နည်းလမ်းရပြီး လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်ဆိုတာကို ချစ်ရတဲ့ မောင်ငယ် ညီမငယ်များသိအောင် ဝေငှပြောပြချင်မိပါတယ်ရှင်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.