Tag
Lifestyle

ဆင်းရဲတိုင်း ဘဝမပျက်ပါ။

Kyi Kyi | 2019/02/08 11:15:38

၁၉၉၅ ခုနှစ်က မိဘတွေရဲ့ ဥယျာဉ်ခြံမြေတွေ အစိုးရ သိမ်းဆည်းခံရတဲ့အချိန်မှာ ကျွန်မ အသက် ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။

မိဘတွေ စီးပွားပျက်ရင် အပျိုအရွယ်မိန်းကလေးတွေက ပျက်စီးရာလမ်းကြောင်းပေါ်ရောက်ဖို့ပိုလွယ်ကူတယ်လို့အများကလက်ခံထားကြပါတယ်။ တကယ်လည်း မိဘအထောက်အပန့်မရှိပဲ ရပ်တည်ရတဲ့ အချိန်မှာ အပျိုလေးတစ်ယောက်ကို ဖျားယောင်းသွေးဆောင်ကြတဲ့ ယောကျားမျိုးစုံကိုရင်ဆိုင်ခဲ့ဖူးပါတယ်။

ကျွန်မလည်း တခြားမိန်းကလေးတွေလို အလှမက်ပါတယ်။ အပင်ပန်းမခံချင်ပါဘူး။ သူများကို အောက်ကျို့ခံရင်း မျက်နှာငယ်ရမယ့် အလုပ်မျိုးတွေလုပ်ရမှာ ရှက်မိပါတယ်။

ဒါပေမယ့် -

-ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးတစ်ယောက်က ပိုးကြေးပန်းကြေးပေးတဲ့ အလှအပလက်ဆောင်ကိုတော့ မမက်ပါဘူး။

-အဲလိုအသက်ကြီးကြီးလူကြီးတွေကိုပြုစုရမယ့်အစား တခြားအလုပ်မှန်သမျှအတွက် အပင်ပန်းခံနိုင်ပါတယ်။

-Marketing လုပ်ရတာ နေပူအသားမည်းတယ်။ အောက်ကျို့မျက်နှာငယ်ခံရတယ်ဆိုပေမယ့် မိန်းမရှိပြီး ငွေပေါတဲ့သူတွေရဲ့ မယားငယ်လုပ်ရမှာကိုတော့ ပိုရှက်မိပါတယ်။

ဘဝကိုရိုးရိုးသားသားပဲ ဖြတ်သန်းခဲ့ပါတယ်။ ကိုယ့်ဘဝကို တိုးတက်စေမှာ ပညာရေးလမ်းကြောင်းတစ်ခုပဲ ရှိတယ်လို့လက်ခံထားခဲ့ပြီး ပညာသင်ဖို့ကလွဲလို့တခြားဘာမှ စိတ်မဝင်စားနိုင်ခဲ့ပါဘူး။

ငယ်ငယ်ကတည်းက ကျွန်မကို အရမ်းချစ်ခဲ့တဲ့ အစ်ကိုတစ်ယောက်က ကျွန်မတို့မိသားစု ရုတ်တရက် ပြိုကွဲသွားကြချိန်မှာ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ အခုခေတ်လို ဆက်သွယ်ရေး social media တွေမကောင်းခဲ့တဲ့ အချိန်မို့သူကျွန်မကို နေရာအနှံ့လိုက်ရှာနေခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူလိုက်ရှာနေခဲ့တဲ့နေရာတွေက ကာရာအိုကေခန်းတွေ။ အနှိပ်ခန်းတွေ။ night club တွေဖြစ်နေခဲ့ပါတယ်။

မိန်းမငယ်လေးတစ်ယောက်ဟာ ဘဝမှာ ရည်မှန်းချက်ကြီးကြီးမထားပဲ ရေတိုသာယာဖို့ကိုသာ စဉ်းစားမိရင်တော့ ဒီလိုနေရာတွေကိုပဲ အလုပ်အဖြစ်တွေးမြင်ပြီး ရုန်းထွက်ရခက်ခဲနေမှာပါ။

ဘဝဆိုတာက ၅ နှစ် ၁၀ နှစ်ပဲ ရှင်သန်ရမယ့် နေရာမဟုတ်ပါဘူး။ ဆယ်ကျော်သက်ကနေ နှစ်ဆယ်ကျော်။ နှစ်ဆယ်ကျော်ကနေ သုံးဆယ်ကျော်။ ဒီလိုကနေ အိုမင်းလာတဲ့အထိ ကိုယ်ရှင်သန်ခဲ့တဲ့သမိုင်းကို ကိုယ်တိုင်ပဲ ရေးဖို့ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။

၂၀၁၉ ပြာသိုလပြည့်နေ့ကတော့ကျွန်မ အတွက် အောင်မြင်ရခြင်း နေ့လေးတစ်နေ့ပါ။ ၁၉၉၅ ခုနှစ်က မိသားစုတစ်ခုလုံး တကွဲတပြားနဲ့ " သူတို့ဆင်းရဲသွားကြပြီ" လို့ ခေါင်းစဉ်အတပ်ခံခဲ့ရတဲ့ မွေးရပ်မြေ ထားဝယ်မြို့မှာ ပထမဆုံး အလှူဒါန ပြုနိုင်ခဲ့ပါတယ်။

မိဘတွေဆုံးရှုံးခဲ့ရတဲ့ ဥယျာဉ်ခြံမြေ ၇ ဧကရဲ့ နှစ်ဆ ကို ပြန်လည် ပိုင်ဆိုင်ထားနိုင်ခဲ့သလို အဲဒီ နေရာမှာ လူ ၄၀၀ စာ ဆွမ်းကျွေးတရားနာ အလှူကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

အချစ်ရဆုံး ငယ်သူငယ်ချင်းတွေ။ မိတ်ဆွေတွေ။ ဆွေမျိုးတွေ နဲ့ပြန်တွေ့ရပြီး မိဘတွေစီးပွားပျက်သွားတိုင်း သမီးမိန်းကလေးတွေက နီးစပ်ရာ အိမ်ထောင်ကျသွားတာတို့ မြို့ကြီးပေါ်မှာ တရားဝင်မဟုတ်တဲ့ အလုပ်လုပ်နေရတာတို့ဖြစ်သွားတာ မဟုတ်ပါဘူးလို့သက်သေပြနိုင်ခဲ့ပါတယ်။

တစ်ချို့လူတွေက သူက နာမည်ကြီးချင်လို့ဒါတွေရေးပြနေတာပါ လို့ကျွန်မကို ကဲ့ရဲ့ကြပါတယ်။

ကျွန်မ နာမည်ထပ်ကြီးဖို့မလိုတော့ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀ ကကျွန်မနေရာမှာ ရှိနေကြမယ့် ဆယ်ကျော်သက်လေးတွေအတွက်တော့ ကျွန်မ ဖြတ်သန်းခဲ့တာကို ရေးပြဖို့လိုအပ်နေမှာပါ။

တစ်ချို့ကလည်း သူချမ်းသာကြီးပွားလာတာ ဘာဖြတ်လမ်းများရှိမလဲလို့ အတင်းစကားပြောချင်ကြပါတယ်။ ကျွန်မအတွက် တစ်ခုတည်းသော ဖြတ်လမ်းက - မခံချင်စိတ်-ပါ။ မခံချင် စိတ်ကို ကောင်းတဲ့နေရာမှာ မွေးမြူပါတယ်။

သူများနှိမ်တာ မခံချင်တဲ့အတွက် အနှိမ်မခံရတဲ့ နည်းလမ်းရှာပါတယ်။

သူများအပြောအဆို မခံချင်တဲ့အတွက် အပြောအဆို မခံရမယ့် နည်းလမ်းရှာပါတယ်။

သူများကိုမျက်နှာငယ်ရတာ မခံချင်တဲ့အတွက် မျက်နှာအငယ်မခံရမယ့် နည်းလမ်းတွေကို အမြဲရှာဖွေနေမိပါတယ်။

တစ်နေ့ကျရင် - ဒီလို ခံစားချက်က လွတ်စေရမယ် လို့ပန်းတိုင် ချထားပြီး ရည်ရွယ်ချက်မပျောက်ဖို့ကတော့ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။

အဖေကတော့ ဒီနေ့ကိုမမြင်တွေ့နိုင်တော့ပေမယ့် အမေများနေ့မှာ အမေ့အတွက် အကောင်းဆုံး အမှတ်တရ အလှူပြုလုပ်ပေးနိုင်ခဲ့လို့ အမေ့ရဲ့ပျော်ရွှင်မှုက ကျွန်မရဲ့ အကြီးမားဆုံး အောင်မြင်မှုဖြစ်ခဲ့ရပါတယ် ဆိုတာ ဝေငှပေးလိုက်ရပါတယ်ရှင်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.