Tag
Fashion

တည်ငြိမ်တယ်ဆိုတာ အတွေ့အကြုံရှိဖို့လိုအပ်ပါတယ်။

Kyi Kyi | 2019/01/11 15:25:54

သူငယ်ချင်းတစ်ယောက်ကို အရမ်းစားကောင်းတဲ့စားသောက်ဆိုင်သစ်တစ်ခုအကြောင်းပြောပြဖြစ်တယ်။

သူက စားချင်လိုက်တာဟယ်။ အဖော်မရှိဘူး တဲ့။

လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို အရမ်းတန်တဲ့ခရီးစဉ်တစ်ခုအကြောင်းပြောပြဖြစ်တယ်။ သူက သွားချင်လိုက်တာဟယ်။ ငါ့နဲ့အဖော်လိုက်ပေးပါလား တဲ့။

မိတ်ဆွေတစ်ယောက်ကို အမြတ်အစွန်းကျန်တဲ့အလုပ်တစ်ခုအကြောင်းပြောပြဖြစ်တယ်။ သူက လုပ်ချင်လိုက်တာဟယ်။ နင့်ဆီ ရှယ်ရာထည့်လို့မရဘူးလား တဲ့။

ကျွန်မတို့ အချိန်တွေကို တနေ့ပြီးတနေ့ဖြတ်သန်းရင်း အသက်အရွယ်တွေကြီးရင့်လာကြပြီး တနေ့လူတိုင်း တွေ့ကြုံရမယ့် အို နာ သေ ခြင်းတရားတွေကို မလွဲမသွေ ရင်ဆိုင်ကြရမှာ သိကြပါတယ်။ သေခြင်း ဆိုတာကတော့ လာတုန်းက တယောက်တည်းလာသလို သေတဲ့အခါမှာလည်း တယောက်တည်းရင်ဆိုင်ရမယ့် အမှန်တရား တခုပါ။

ဒါပေမယ့် ကျွန်မတို့ ဘဝခရီးကို လျှောက်လှမ်းဖို့မှာ အဖော် ဆိုတာကို တမ်းတ မက်မောနေကြဆဲပါပဲ။ တစ်ယောက်တည်း လုပ်လို့မရဘူးလား ဆိုတော့လည်း မယ်မယ်ရရ ဆင်ခြေ ပြစရာ မရှိတဲ့ အကြောင်းပြချက်တွေနဲ့ ကြောက်လန့်နေကြတတ်ပါတယ်။

တစ်ယောက်တည်းဆိုရင် ပျော်စရာလည်း မကောင်းဘူး။ နှစ်ယောက်ဆိုတော့ တိုင်ပင်ဖော် တိုင်ပင်ဖက်ရတယ်လေ။ သြော် အနားမှာ တစ်ယောက်ယောက်ရှိတော့ အားပိုရှိတာပေါ့ လို့ ပြောတတ်ကြပေမယ့် ကိုယ့်နံဘေးမှာ ရှိနေတဲ့ အဖော်ကြောင့် ဝမ်းနည်းစိတ်ပျက်နေရသူတွေ။ နောက်ကျောဓားနဲ့အထိုးခံခဲ့ရတာတွေ။ အားပြတ် လက်မှိုင်ချနေရသူတွေလည်း အများကြီးရှိနေတယ်ဆိုတာကို လည်း ဘယ်သူမှမငြင်းနိုင်ပါဘူး။

ဒါတောင် တစ်ခုခုလုပ်မယ်ကြံတိုင်း အဖော်ရှိမှဆိုတဲ့ အတွေး ကိုခေါင်းထဲမှာ အော်တို ထည့်ထားတတ်ကြပါတယ်။

တစ်ယောက်တည်းလာ တစ်ယောက်တည်းပြန်သွားရမယ့် ခရီးကို တစ်ယောက်တည်းရင်ဆိုင်နိုင်အောင် လေ့ကျင့်ယူကြပါ။

စားသောက်ဆိုင် တစ်ယောက်တည်းသွားစားတယ်။ ပထမ ဟိုကြည့် ဒီကြည့်နဲ့ နောက်တော့ ကိုယ်လည်ူ ကိုယ့်အစားအစာ ကိုယ်စား သူများလည်း သူတို့အစားအစာ သူတို့စား ဘာမှဂရုစိုက်နေစရာ မရှိပါဘူး။

ခရီးသွားတယ်။ ပထမ ဘာတွေ အခက်မခဲတွေ့ရမလဲ စိုးရိမ်သောကဖြစ်မိပေမယ့် တကယ်လက်တွေ့ရင်ဆိုင်ရတော့လည်းကျော်လွှား ဖြတ်သန်းနိုင်တာတွေပဲဖြစ်နေပါတယ်။

ဒီလိုပဲ။ သူများဖောက်ပြီးသားလမ်းတစ်ခုရဲ့ Comfort zone မှာ မှေးနေမယ် မစဉ်းစားပါနဲ့။ ကိုယ်တိုင် ဦးဆောင်လမ်းဖော်နိုင်မှ ဒီလမ်းအဆုံးကို ပုံဖော်နိုင်မှာပါ။

ဘဝခရီးဟာ တိုတောင်းတယ်လို့အသက်ကြီးလာတဲ့တနေ့အားလုံးလက်ခံထားကြရင်း တိုတောင်းတဲ့ခရီးလမ်းတလျှောက်က အတွေ့အကြုံတွေကို ကိုယ်တိုင် စုဆောင်းတတ်အောင်ကြိုးစားစေချင်ပါတယ်။ အရာရာကို တည်တည်ငြိမ်ငြိမ် လက်ခံရင်ဆိုင် နိုင်ဖို့ဆိုတာ လုံလောက်တဲ့အတွေ့အကြုံတွေရှိမှဖြစ်နိုင်ပါလိမ့်မယ်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.