Tag
Lifestyle

အရည်အချင်းရှိတဲ့ မိန်းမဆိုတာ ဘာလဲ။

Kyi Kyi | 2018/11/01 16:06:57

၁။ ရုပ်ရည်ချောမောလှပရုံသာမက သည်းခံနိုင်စွမ်းနဲ့ပြည့်စုံပြီး ယဉ်ကျေးလိမာဖို့လိုအပ်ပါတယ်။

၂။ ငွေသုံးစွဲမှုမှာ စေ့စပ်သေချာပြီး ကိုယ်တိုင်ကလည်း ငွေကြေးကို ရှာဖွေနိုင်စွမ်းရည်ပိုင်ဆိုင်ထားကြပါတယ်။

၃။ ကိုယ့်ယောကျားကို သာမက ယောကျားရဲ့မိသားစုနဲ့ပါ လိုက်လျောညီထွေတဲ့ ဆက်ဆံရေးနဲ့ အားလုံးကို ပျော်စေနိုင်တဲ့ သူဖြစ်နေရပါမယ်။

၎။ သားသမီးတွေကို မွေးဖွားပြီး အကောင်းဆုံးပြုစုစောင့်ရှောက်နိုင်တဲ့ မိခင်တာဝန်ကို ယူနိုင်တဲ့ သူတွေဖြစ်ကြပါတယ်။

၅။ ယောကျားအကြိုက်အလိုက်ကို ကြည့်လို့ အကောင်းအဆိုးဝေဖန်ပိုင်းဖြားခြင်း ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ မိန်းကလေးတွေကသာ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေထဲမှာ ဇနီးမယားအဖြစ်နေရာရတတ်ကြပါတယ်။

ဒီအရေးအသားက မိန်းမတွေဘက်က ရပ်တည်မှုမရှိဘူး။ ငွေကြေးနဲ့ခွဲခြားဆက်ဆံတယ်လို့ ထင်ချင်စရာရှိပေမယ့် ရုပ်ရည်အလှတစ်ခုတည်းနဲ့ နေရာပေးခံရတဲ့ ခေတ်ဆိုတာ ကျန်ရစ်ခဲ့ပါပြီ။ မိန်းကလေးတိုင်း ကိုယ်ပိုင်အရည်အချင်းနဲ့ပြည့်စုံနေဖို့ အရေးကြီးပါတယ်။



မြန်မာ အမျိုးသမီးတွေက အိမ်ထောင်တစ်ခုကို ယောကျားတစ်ယောက်ကသာ ဦးဆောင်ခွင့်ရှိတယ်လို့ ခံယူထားကြပါတယ်။ တကယ်တော့ ကိုယ့်အရှေ့က ဦးဆောင်နေတဲ့သူ လဲကျတဲ့အခါမှာ ကိုယ်က ခံတပ်လို မားမားမတ်မတ်ရပ်တည်နေဖို့ လိုအပ်ပါလားဆိုတာကိုတော့ မေ့နေကြပါတယ်။

သာမန်မိန်းကလေးတစ်ယောက် ချမ်းသာကြွယ်ဝလာတဲ့အခါ အများစုက သူ့အိမ်ထောင်ဖက်၊ သူ့ယောကျားက သူဌေးမို့လို့များလားလို့ အရင် ကောက်ချက်ချတတ်ကြပါတယ်။ တနည်းအားဖြင့် ယောကျားက ချမ်သာမှ မိန်းမက ချမ်းသာလိမ့်မယ်ဆိုတဲ့ ခွဲခြားဆက်ဆံခံရမှုဖြစ်ပါတယ်။ သူဌေးနဲ့လက်ထပ်လိုက်မှ ချမ်းသာ ကြွယ်ဝလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်တွေ မြောင်းထဲ ပစ်လိုက်သင့်ပါပြီ။ ဘ၀တစ်ခုကို နှစ်ဦးလက်တွဲတည်ဆောက်တယ်ဆိုကတည်းက နှစ်ယောက်စလုံး ဘက်ညီညီ ရပ်တည်ကြိုးစားမှ အောင်မြင်တဲ့ဘ၀ကို တည်ဆောက်နိုင်တာပါ။

သူဌေးသား (သို့မဟုတ်) သူဌေးအပြင် မိန်းကလေးတွေရဲ့ဘ၀မှာ နိုင်ငံခြားသားနဲ့ လက်ထပ်ထားရင် ဘ၀ကို သာသာယာယာနဲ့ မြင့်တက်စေမယ်လို့ စိတ်ကူးထားမိရင်လည်း ဒီအတွေးကို မြောင်းထဲ မြန်မြန် လွှင့်ပစ်လိုက်ပါလို့ တိုက်တွန်းပါမယ်။ ဒီနိုင်ငံမှာ ဟိတ်ဟန်များသလောက် သူတို့ နိုင်ငံမှာ ဆင်းရဲ စုတ်ပြတ်နေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိပါတယ်။ အလကားနေရင်း သူများကို အထင်ကြီးနေမိတဲ့ စိတ်ဓာတ်တွေက မိမိအရည်အချင်းကို ကျဆင်းစေပါတယ်။

မိန်းမဖြစ်ဖြစ် ယောကျားဖြစ်ဖြစ် ဘ၀ကို အောင်မြင်အောင်လျှောက်လှမ်းမယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် သူများကို အားကိုးတဲ့စိတ်နည်းပါးအောင်အရင်ကြိုးစားပါ။ သူများကို အားကိုးရင် သူများခိုင်းတဲ့အတိုင်းလုပ်ပြီး စေတဲ့နေရာမှာ နေရမှာပါလားဆိုတာ မမေ့ပါနဲ့။



အလှဆိုတာ အရေပြားတစ်ထောက်စာ သာတန်ဖိုးရှိပါတယ်။ ဇရာက၀င်ရောက်လာတာနဲ့ အလှဆိုတာ ရွေ့လျောရတာပါပဲ။ ကိုယ်ပိုင်အရည်အချင်းဆိုတာကတော့ မိမိရှာဖွေသင်ယူနေသမျှ မိမိနဲ့အတူအမြဲတည်ရှိနေမယ်အရာတစ်ခုသာ ဖြစ်ပါတယ်။



ကျွန်မ မိန်းကလေးတွေကို သူဌေးကတော်တွေ မဖြစ်စေချင်ပါဘူး။ ကိုယ့်ဘ၀ကိုယ် ပိုင်ဆိုင်ကြတဲ့ ကိုယ့်ဝင်ငွေကိုယ်စီမံခန့်ခွဲနိုင်ကြတဲ့ သူဌေးမလေးတွေပဲ ဖြစ်စေချင်ပါတယ်ရှင်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.