Tag
Lifestyle

သနားချစ်နဲ့အနိုင်ပိုင်းနေတဲ့သူတွေ။

Kyi Kyi | 2018/10/01 13:53:09

လူသားတွေဟာ-

၁။ ခွန်အားမမျှတဲ့အချိန်

၂။ အခွင့်အရေး မရတဲ့အချိန်

၃။ နိမ့်ကျနေတဲ့အချိန်

၎။ စိတ်အားငယ်နေတဲ့အချိန်

၅။ လက်တုန့်ပြန်ချင်စိတ်မရှိတဲ့အချိန်တွေမှာ

တယောက်ယောက်ကို အရှုံးပေးလိုက်တယ်ဆိုတဲ့ လမ်းကို ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် အထက်ပါ အချိန်တွေတခုမှ မဟုတ်ပဲ သနားလို့ပါ။ ချစ်လွန်းလို့ပါဆိုတဲ့ ဆင်ခြေမျိုးနဲ့ ခပ်လွယ်လွယ် အရှုံးပေးလိုက် တတ်သူတွေကတော့ ကျွန်မတို့ မိန်းမ- တွေပဲဖြစ်ပါတယ်။

မိန်းမတွေဟာ တော်တော်လည်း သည်းခံခွင့်လွှတ်နိုင်ကြပါတယ်။ တခြားသူတယောက်က နားမလည်နိုင် လောက်အောင် မခံစားပေးနိုင်လောက်အောင် အခြေအနေထိ မိန်းမတွေရဲ့ နားလည်ပေးနိုင်စွမ်းက မြင့်မား ပါတယ်။ မိန်းမအချင်းချင်းအပေါ်မှာလည်း ဒီလိုနားလည်ပေးနိုင်တယ်။ ဆန့်ကျင်ဘက် ယောကျာင်္းသားတွေ အပေါ်မှာလည်း ဒီလိုခံစားပေးနိုင်တယ်။ မိမိသားသမီး အပေါ်မှာလည်း သနားချစ်နဲ့ အမြဲခွင့်လွှတ်ပေး နိုင်ကြပါ တယ်။

မိန်းမတွေကပဲ ဘာဖြစ်လို့ ဒီလောက်တောင်သနားတတ်။ ချစ်တတ်တဲ့ စိတ်ထားမျိုး ပိုင်ဆိုင်နေရတာလဲလို့ အရင်းအမြစ်လေ့လာကြည့်တဲ့အခါ မွေးရာပါမိခင်စိတ်ကြောင့်လို့ ခပ်လွယ်လွယ်အဖြေပဲထွက်လာပါတယ်။ ဒီလို သနားချစ်နဲ့ ပေးဆပ်ချစ်နေတတ်ကြတာကို ပတ်ဝန်းကျင်က-ဝဋ်ကြွေးဆပ်နေရတယ်။ သနားစရာကောင်းတယ် တယ်။ စိတ်ပျက်စရာ အသိဉာဏ်နည်းတယ်စသဖြင့် ဘယ်လိုပဲဝေဖန်နေကြပါစေ။ မိန်းမတွေကတော့ ခပ်ပြုံးပြုံး ပဲကျေနပ်နေကြပါတယ်။

သူတို့အမြဲလက်ကိုင်ထားတဲ့ စိတ်ကူးတွေက

- ကိုယ်မှ သည်းမခံရင် သူ့ကို ဘယ်သူသည်းခံမလဲ။

- ကိုယ်မှ မလုပ်ပေးရင် ကိုယ့်လို ဘယ်သူလာလုပ်ပေးမလဲ။

- ကိုယ်မှ မရှိရင် သူဘယ်လိုရပ်တည်မလဲ။

- ကိုယ့်စေတနာကို တနေ့တော့သူသိလာမှာပါ။

- ကိုယ်မရှိတော့တဲ့အချိန် သူကောင်းကောင်းနားလည်လာမှာပါ- ဆိုတာတွေပဲဖြစ်ပါတယ်။

ပတ်ဝန်းကျင်က ဒါကို အရှုံးပေးနေရတယ်လို့ မြင်နေကြပေမယ့် လက်တွေ့ကျင့်သုံးနေတဲ့ မိန်းမတွေကတော့ -

အထက်ပါ စိတ်ကူးတွေနဲ့ အကောင်းဆုံး အနိုင်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ သနားချစ် ဆိုတာ - ယောက်ျားတွေမှာလည်း ရှိကောင်းရှိနိုင်ပေမယ့် အရှုံးပေးဖို့အတွက် သူတို့ ဒီနည်းကို မသုံးကြပါဘူး။ အဲ- မိန်းမ တွေကတော့ သူတို့မျှော်လင့်ထားတဲ့အတိုင်း ( တနေ့နေ့မှာအနိုင်ပိုင်းနိုင်ဖို့အတွက်) သနားချစ်နဲ့ အရှုံးပေးရင်း ကျေကျေနပ်နပ် ပေးဆပ်နေကြပါတယ်။

(၉၉ % သောမိန်းမတွေအတွက်)

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.