Tag
Lifestyle

တန်ဖိုးရှိတဲ့ ချစ်သူရင်ခွင်။

Kyi Kyi | 2018/07/12 15:50:15

ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝပြီးမာန်မာနထောင်လွှားတဲ့အမျိုးသားဖြစ်နေပါစေ- သူ မကျန်းမာတဲ့အချိန်မှာတော့ ဖေးမနွေးထွေးစေမယ့် ရင်ခွင်တစ်ခုကိုလိုအပ်နေတတ်ကြပါတယ်လို့ သီရီသုဓမသိဂီင်္ဘွဲ့ကို ရရှိထားတဲ့ ချစ်အစ်မ တစ်ယောက်ရဲ့ Status ကိုဖတ်ပြီး ဒီစာလေးရေးချင်စိတ်ဖြစ်လာရပါတယ်။



လောကမှာ ယောကျာ်းနဲ့မိန်းမယှဉ်လာရင် -

- ယောက်ျားတွေက မိန်းမတွေလောက်မခံစားရပါဘူး။

- ယောက်ျားတွေက အသဲမာပါတယ်။

- ယောက်ျားတွေက လှေကား ၃ ထစ်ဆင်းရင်ကို လူပျိုပြန်ဖြစ်ပါတယ်- လို့

- ယောက်ျားတွေကို သန်မာသူတွေလို့ ယေဘုယျသတ်မှတ်ထားတတ်ကြပါတယ်။

တကယ်ပဲ ယောက်ျားတွေက ခံစားရတဲ့ နှလုံးသားမရှိကြတော့ဘူးလား။ ချစ်ခင်ကြင်နာခြင်းဆိုတာ ဘယ်အချိန်မှာ ယောက်ျားတွေဆီက ထွက်ခွာသွားတာလဲ။ မရခင်က တန်ဖိုးထားသလောက် ရပြီးသွားရင် အသစ်ကိုပဲ မြင်တတ်ကြ တာလားဆိုတာ တစ်ချို့သော မိန်းကလေးတွေရဲ့ဘ၀မှာ အလွန်ကိုအရေးကြီးပြီး အမြဲမေးနေမိတဲ့ မေးခွန်းတွေ ဖြစ်ပါ တယ်။ အထက်ပါမေးခွန်းတွေနဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာနစ်မွန်းနေတဲ့ အမျိုးသမီးတွေကိုကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပဲ ယောက်ျားတစ်ယောက်ဆီမှာ ယုံမှတ်အားကိုးပြီး သူသာလျှင်ကိုယ့်ဘ၀လို့ ထင်မှတ်ထားနေမိ သူတွေပဲ ဖြစ်နေတယ်ဆိုတာ သတိထားမိမှာပါ။

- ကျွန်မကတော့ မိန်းမကောင်းမို့ တစ်ဘ၀မှာပန်းတစ်ပွင့်ပန်ချင်လို့ပါ။

- ကျွန်မကတော့ သားသမီးတွေ အဖေမဲ့မှာစိုးရိမ်လို့ပါ။

- ကျွန်မကတော့ သူ့ကိုသာ အချစ်ဆုံးမို့ပါလို့ ဆင်ခြေတွေပေးမယ့်သူတွေကို တစ်ခုတော့ပြောပြချင်ပါတယ်။

လူဆိုတာ မွေးကတည်းကလည်းတစ်ယောက်တည်း၊ သေတော့လည်းတစ်ယောက်တည်းပါပဲ။ မချစ်နဲ့လို့ မပြော ပါဘူး။ ချစ်ပါ ဘယ်သူ့ကိုချစ်ရမှာလဲဆိုရင်- ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ချစ်တတ်မှ သူများကို ချစ်နိုင်တဲ့ ခွန်အားကို ပိုင်ဆိုင်နိုင်မှာပါ။ ကိုယ်ကဖြင့် တချိန်လုံးစုတ်ပြတ်သတ်ပြီး လုပ်နိုင်စွမ်းရှိသလောက် ထုတ်မသုံး ချင်ပဲ သူ့ကိုဖြင့် ချစ်လိုက် တာလေလို့ လေနဲ့ပြောနေသူတွေကိုတွေ့ရင် အရမ်းဟာသ မြောက်မိပါတယ်။ ကိုယ် အသက်ရှင် သန်နေတဲ့ဘ၀မှာ ငါ ဘယ်လောက်အထိ ရောက်အောင်သွားနိုင်မလဲလို့ ကြိုးစားကြည့်လိုက်ပါ။ သွားနေတဲ့ လမ်းမှာခလုပ်ဆူးညှောင့်တွေ့ရင် ဘယ်လောက်ထိ ကြီးကြီး ဖယ်ရှားနိုင်မလဲလို့ ရင်ဆိုင်ကြည့်လိုက်ပါ။

မိမိကိုယ်ကို -ဒါက ငါ့ရဲ့အကောင်းဆုံးအခြေအနေပဲလားလို့ မေးခွန်းမေးကြည့်သင့်ပါတယ်။ ဒီထက် နည်းနည်း ပိုကောင်း အောင်လုပ်ကြည့်ဖို့ ဘာလိုအပ်မလဲလို့ အမြဲပြင်ဆင်ထားစေချင်ပါတယ်။ မမျှော်လင့်ထားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင် ရရင်လည်း အခွင့်အရေးတစ်ခုလို့ပဲ သဘောထားလိုက်ပါ။ ကိုယ့်ဘ၀ရဲ့နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်စေရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်ကိုယ်ကိုချစ်နေသမျှ သူများကြောင့်ခံစားရမယ့် အနှောက်အယှက်တွေအတွက် နေရာမပေးနိုင်ပါဘူး



သူ့ကြောင့်ရင်ခုန်တယ်။သူကပဲ အချိန်တိုင်းကို စိုးမိုးနေတယ်။ သူမရှိရင်ဘ၀ကြီးမှာ ရှင်သန်နေထိုင်ဖို့ မဖြစ်နိုင် ပါဘူးလို့ ခံစားနေရပါသလား။ ကိုယ့်ကိုယ်ကို ပိုကောင်းအောင်အရင် ကြိုးစားထားလိုက်ပါ။ တကယ်တော့ သန်မာလှပါတယ်ဆိုတဲ့ ယောကျားတွေဟာ သူချစ်ခင်မြတ်နိုးပြီး အားကိုးမိတဲ့ မိန်းမတစ်ယောက်ရှေ့မှာတော့ ကလေးလေး တစ်ယောက်ပါပဲ။ သူတို့နေ့စဉ်ဘ၀ရဲ့မာယာတွေထဲ ခြေကုန်လက်ပန်း ကျလာချိန်မှာ ပထမဆုံး သတိရလာမှာက ဖေးမနွေးထွေးနိုင်မယ့် ရင်ခွင်တစ်ခုသာဖြစ်နေပါတယ်။

ဘယ်လောက်ပဲဝေးတဲ့ ခရီးမိုင်တွေ ကာဆီးထားပါစေ။ အဲဒီ ရင်ခွင်ဆီရောက်အောင် သူရောက်လာပါလိမ့်မယ်။ ကိုယ့်ဆီ ရောက်လာတဲ့သူဟာ ကိုယ့်ရင်ခွင်ကို အသုံးချရုံသက်သက်ရောက်လာမယ့် သူမျိုးလား။ ကိုယ့်ကို တန်ဖိုးထားချစ်မြတ်နိုး ခြင်းတွေနဲ့ရောက်လာမယ့်သူမျိုးလားဆိုတာကတော့ ကိုယ်ကဘယ်လောက်ထိ အကောင်းဆုံး ဖေးမနိုင်စွမ်းပေးနိုင်မယ် ဆိုတဲ့အပေါ်မူတည်နေပါလိမ့်မယ်။ဒါကြောင့် အဲဒီရင်ခွင်က အကောင်းဆုံးဖြစ်မယ့် နွေးထွေးမှု စွမ်းအားတွေ ပိုင်ဆိုင်ထား နိုင်ဖို့တော့ လိုတာပေါ့နော်။



အမျိုးသမီးတိုင်း မိမိကိုယ်ကို ယုံကြည်ချက်ရှိကြပြီး ကိုယ့်ရင်ခွင်ကို သာတန်ဖိုးထားရှာဖွေမယ့် အချစ်စစ်ကိုသာ ပိုင်ဆိုင်ကြပါစေ။

ချစ်ရတဲ့ မမကြည်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.