Tag
Lifestyle

ချစ်ရသူနဲ့လမ်းခွဲပြီးတဲ့အခါ

Kyi Kyi | 2018/07/12 15:50:11

ဘဝမှာ မောင့်ကို မရှိမဖြစ် လိုအပ်နေပါလားလို့ သိလိုက်ရတဲ့အခါမှာ - မောင်ဟာ ကျွန်မအတွက် အားနည်းချက်တစ်ခုဖြစ်လာခဲ့တယ်။ လူသားတွေဟာ ကိုယ့်အတွက်လိုအပ်တဲ့အရာတွေကို ပိုင်ဆိုင် ချင်တဲ့ မျှော်လင့်ချက်တစ်ခုတည်းအတွက် လှုပ်ရှားရုန်းကန်နေကြတယ်ဆိုရင် မောင်ယုံမှာလား။

မျှော်လင့်ချက်မရှိတဲ့သူဟာ ဘဝကိုရင်ဆိုင်ဖို့ ခွန်အားကင်းမဲ့တယ်။ လိုချင်တပ်မက်မှုနည်းပါးသူဟာ ဘဝမှာ အောင်မြင်ဖို့ အခွင့်အလမ်းအတွက် ကြိုးစားချင်စိတ်မရှိဘူးလို့ ကျွန်မတော့ ယုံကြည်တယ်။

ကျွန်မ မောင့်ကိုလိုအပ်ပေမယ့် ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်မထားဘူးဆိုရင် မောင်အံ့သြသွားမလား။

ကျွန်မတို့ နှစ်ယောက်စလုံးက အတ္တကြီးလွန်းတဲ့အတွက် အမြဲ ပြိုင်နေကြမယ့် မျဉ်းပြိုင်နှစ်ကြောင်း အပေါ်မှာ မောင်နဲ့အတူမလျှောက်ချင်လို့ပေါ့။ လက်တွဲထားပေမယ့် ခံယူချက်မတူတဲ့ ပန်းတိုင်ကို အပြိုင်သွားနေမယ့်အစား ကျောခိုင်းလိုက်ကြတာ အကောင်းဆုံးလို့ ကျွန်မ လက်ခံလိုက်တဲ့အခါ မောင့်ကိုလက်လွှတ်ဖို့ အဆင်သင့်ဖြစ်လာခဲ့တယ်။

မောင့်ထက် ကိုယ့်အတ္တကို ရှေ့တန်းတင်တယ်ဆိုတာထက် ကျွန်မထက် အတ္တပိုကြီးတဲ့ မောင့်နဲ့ ဆက်မပြိုင်ချင်တော့လို့ ဦးစားပေးလိုက်တာပါ။ မရှိမဖြစ် လိုအပ်နေတဲ့သူတစ်ယောက်ကို လက်လွှတ်ရ တာ ကျွန်မအတွက် သိပ်ကိုခက်ခဲပါတယ်။ အချိန်တိုင်းပဲ မောင့်ကိုလွမ်းနေမိတဲ့ စိတ်ပင်ပန်းမှုကို ကုစားဖို့ နည်းလမ်းမျိုးစုံကိုစဉ်းစားဖြစ်ပါတယ်။

မောင့်နေရာမှာ တခြားတစ်ယောက်ကို အစားထိုးမလား ဆိုတော့လည်းမဖြစ်နိုင်ပါဘူး မောင်ရယ်။

မောင်နဲ့သွားဖူးတဲ့နေရာတွေမှာအလွမ်းပြေသွားထိုင်မလားဆိုတော့လည်း ပိုလို့တောင်လွမ်းစရာ ကောင်းလို့ ဒီအကြံကိုလည်းလက်လျော့မိပြန်တယ်။ မောင်နဲ့ပတ်သက်တာမှန်သမျှ မေ့ပစ်ပြီး ပြည်ဖုံးကားချလိုက်ဖို့ဆိုပြန်တော့လည်း မောင်က ကျွန်မနှလုံးသားထဲမှာ နေရာယူပြီးဖြစ်နေတော့ သက်ပြင်းမောပဲချခဲ့မိပြီပေါ့။

ဒီတော့ အထူးအထွေ ဝမ်းနည်းကြေကွဲမနေတော့ပဲ ကျွန်မရဲ့နေ့စဉ်ဘဝကို မောင်မပါပဲ ရင်ဆိုင်ရဲဖို့ သတ္တိမွေးရတော့တယ်။ မောင့်ကိုအရမ်းလွမ်းတဲ့ မနက်တိုင်းမှာ ကျွန်မ gym သွားတယ်။ beat သံပြင်းပြင်းသီချင်းကို နားကြပ်နဲ့နားထောင်ရင်း ချွေးပေါက်ပေါက်ကျအောင် လေ့ကျင့်ခန်း မရပ်မနား လုပ်ဖြစ်တဲ့အခါ မောင်က ကျွန်မနဲ့ခဏဝေးနေတယ်။

မောင့်ကိုအရမ်းလွမ်းတဲ့အချိန်တိုင်းမှာ ကျွန်မ အလုပ်ပိုလုပ်တယ်။ ကိုယ်လုပ်ရမယ့် အလုပ်တွေ သာမက သူများအလုပ်တွေပါကူလုပ်ပေးတယ်။ နောက်ဆုံးလုပ်စရာမရှိတော့ရင် နောက်လုပ်မယ့် အစီအစဉ်တွေ ချရေးရင်း အလုပ်တွေထဲမှာ မောင့်ကိုမေ့ထားနိုင်ခဲ့တယ်။

မောင့်ကို အရမ်းလွမ်းစေတဲ့ ညနေခင်းတွေမှာ သူငယ်ချင်းတွေနဲ့ချိန်းတွေ့ရင်းကိုယ့်ကိုယ်ကို ပျော်စေ မယ့်နည်းတွေရှာဖွေခဲ့တယ်။ ကိုယ်မသိတဲ့သူငယ်ချင်းအသစ်တွေနဲ့တောင်စဉ်ရေမရ စကားတွေ လျှောက်ပြောရင်း မောင်က ခဏပျောက်နေခဲ့တယ်။ မောင့်ကိုအရမ်းလွမ်းစေတဲ့ အိပ်ယာ ဝင်ချိန်တွေ မှာ ကျွန်မ စာဖတ်တယ်။ စိတ်ဝင်စားစား မစားစား စာအုပ်အသစ်တွေကို ခေါင်းစဉ်မတူအောင် ဝယ်ထားရင်း ပြီးတဲ့အထိ မရပ်မနားဖတ်ရင်း အိပ်ပျော် တတ်လာတယ်။

မောင့်ကိုအရမ်းလွမ်းစေတဲ့ အင်တာနက်သုံးချိန်တွေမှာ Facebook အစား online certificate တွေ ရအောင်စာမေးပွဲတွေဖြေနေမိတယ်။ မောင့်ကို အရမ်းလွမ်းစေတဲ့ခရီးသွားရတဲ့အချိန်တွေကို ဝင်ငွေရ စေမယ့် အလုပ်ခရီးတွေနဲ့အစားထိုးပစ်ခဲ့တယ်။ တစ်ခါမှ မတက်ဖူးတဲ့ ပညာရပ်တွေသင်ရင်း။ မှန်မှာ မြင်နေတဲ့ ကိုယ့်မျက်နှာကိုလှသထက်လှအောင်ပြင်ရင်း။ တစ်ခါမှ မစားဖူးတဲ့ စားသောက်ဆိုင် တွေက မီနူးအသစ်တွေစိတ်ဝင်စားရင်း အချိန်တွေဟာ ကုန်လွန်လာခဲ့တယ်။

ဒီကြားထဲ အလွမ်းသီချင်းတွေ ကြားမိတဲ့အခါ။ မိုးတွေသည်းသည်းမည်းမည်းရွာသွန်းနေတဲ့အခါတွေမှာ ကျွန်မ မျက်ရည်တွေစီးကျလာမိပြန်တယ်။ မိန်းကလေးပဲ မငိုနဲ့လို့တားလို့ရမလား မောင်ရယ်။ ငိုလို့ဝ သွားတဲ့အခါ မျက်ရည်တွေအလိုလို ခမ်းခြောက်သွားမှာ သိနေတော့ တခါတခါ တော့ လွမ်းရင် ငိုလိုက် ဖို့ လိုအပ်တာပေါ့နော်။ ဟော- ကျွန်မ အတွက် အခု အသက်ရှင်နေရတဲ့အချိန်တိုင်းဟာ အရမ်းတန်ဖိုးရှိတယ်လို့ ခံစားနေမိ တယ် မောင်ရေ။

ဘဝမှာ အနာဂတ်အတွက် အချစ်ကို လိုသလို အသုံးချနိုင်ဖို့ ဆုံးဖြတ်နိုင်စွမ်းရှိရမယ်။

ဘဝမှာ အချစ်ကြောင့် အသည်းကွဲရမယ်ဆိုရင်လည်း လက်ခံဖို့ အဆင်သင့်ဖြစ်နေရမယ်။

ဘဝမှာ အချစ်မပါပဲလည်း ရှင်သန်ရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို ဖန်တီးယူနိုင်ဖို့ အရည်အချင်း ရှိနေမယ် ဆိုရင်-

ဟေ့ အချစ်- မင်းကတော့ ဘဝအတွက် အမြင့်ကိုတက်စေမယ့် လှေကားတစ်ထစ်ပါလို့ ရဲရဲ ပြောလို့ရပြီပေါ့ မောင်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.