Tag
Lifestyle

မပြိုပါနဲ့အချစ်အိမ်ကလေး

May Su Shwe Yee | 2018/06/19 15:49:12

ကို နေခြည့်ဘဝရဲ့လက်တွဲဖော် သံသရာတောထဲမျောနေရသရွေ့ ဘဝအဆက်ဆက်မခွဲမခွာ အမြဲအတူရှိနေ ချင်သူ ကိုအောင်သူရ ။ ကို့ကိုချစ်ခဲ့ရတာအတွက် အရှူံးအမြတ်တစ်ခါမှမတွက်ခဲ့ပါဘူး ကိုလုပ်နေသမျှအလုပ်တွေက နေခြည်တို့မိသားစုအတွက်လို့ နေခြည်တစ်ထစ်ချယုံကြည်ထားပြီးသား ။ ဘာလိုလိုနဲ့နောက်နှစ်ဆို သမီးကြီးလေးက၃တန်းတောင်ရောက်တော့မယ် သားငယ်လေးလည်းနောက်နှစ်ဆိုမူကြိုထားရပြီ။ နေခြည်လေ ကိုနဲ့ခွဲနေရတဲ့အချိန်သားတွေသမီးတွေပေါ် အချစ်တွေပုံပေးပြီးဘဝရဲ့ အချိန်တွေကိုကုန်ဆုံးနေပါတယ်။



ကိုနဲ့နေခြည်ရဲ့မင်္ဂလာသက်တမ်း၁၂နှစ်ကျော်ကာလမှာ ကို့ရဲ့အချစ်အပေါ်နေခြည်တစ်ခါမှ သံသယမဝင်ခဲ့မိပါ ဘူးကို မိသားစုလေးမှာသားရယ်သမီးရယ်နဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးရယ် ကိုယ်ပိုင်ကားလေးတစ်စီးရယ်နဲ့ အဆင်ပြေပြေသာသာယာယာ လူတန်းစေ့နေနိုင်တယ်လို့ နေခြည်ကိုယ့်ဘဝကိုဂုဏ်ယူမိတယ် ။ သားနဲ့သမီး အတွက် မိခင်ကောင်း ကို့အပေါ်မှာဇနီးကောင်း အိမ်ထောင်တာဝန်ကျေပွန်တဲ့ အိမ်ရှင်မကောင်းရယ်လို့ခံယူမိတဲ့ ပီတိလေးတွေပဲစားပီးအားရှိနေခဲ့ရတာပါ။

ဟူးးးးးဘောင်ခတ်ထားတဲ့ ပြတင်းပေါက်ကနေလွတ်လပ်တဲ့ လောကကြီးကြည့်မိပြန်တော့ လေနုအေးကတောင်နေခြည့်ဘဝကိုခပ်ရိရိပြုံးသွားပါလား ဟုတ်ပါတယ် နေခြည်အိမ်ထောင်ကျပြီးသွားကတည်းက သိသိသာသာ အလှမပြင်ဖြစ်ခဲ့တော့ဘူး ကိုယ်တိုင်အပျိုရှူံးအောင်လှနေဖို့ထက် ကိုယ်နေတဲ့အိမ်နဲ့ပတ်ဝန်းကျင်သန့်ရှင်း လှပဖို့ ကိုယ့်ယောကျာ်းစမတ်ကျဖို့သာ အာရုံစိုက်နေခဲ့တယ်ဆို နေခြည့်ကိုအပြစ်တင်ကြမလား ကလေးတွေရလာ တော့ မသိမသာရောသိသိသာသာပါ နေခြည်ခန္ဓာကိုယ်အနေအထားတွေပြောင်းလဲခဲ့ပါပြီ



ဒါပေမယ့် နေခြည်ဝတ်နေ စားနေမယ့်အစား ကိုနဲ့သားသမီးတွေကို ပိုဆင်ဖြစ်ခဲ့ပါတယ် နေခြည်မှအပြင်ထွက်ချိန်သိပ်မရတာ အပြင်မှာလူအများနဲ့ထိတွေ့ဆက်ဆံရတာများတဲ့သူတွေပဲ ဝတ်စားကြတာပိုသင့်တော်တယ်လို့ထင်တယ် ဈေးသွားငါးဝယ်လောက်ကတော့ နေခြည့်အဖို့စပန့်အင်္ကျီအေးအေးလူလူနဲ့ ချည်သားထဘီလေးတွေနဲ့ကိုအဆင်ပြေလှပါပီ နေခြည်ကိုယ်ရည်သွေးပြီး ပြောနေမိသလို ဖြစ်သွားပြီလား ကိုကလည်းနေခြည့်ကို သိပ်ချစ်ခဲ့တာပါ

သူကအိမ်ဆောက်ရောင်းဝယ်လုပ်ရင်း နေခြည်တို့အိမ်ထောင်သည်ဘဝကို လူတန်းစေ့ထူထောင်ခဲ့တယ် ဒီ တိုက်ဒီခြံဒီကားအားလုံး ကို့အစွမ်းအစနဲ့ဖြစ်တည်ခဲ့ရတာပါ အစက car showroom တစ်ခုမှာအရောင်းဝန်ထမ်း လုပ်ခဲ့တဲ့နေခြည့်ကိုတောင် အလုပ်မလုပ်စေတော့ဘဲ မိန်းမကိုအိမ်မှာတင် ဥထားခဲ့တာ နေခြည့်ရဲ့ကိုပါ ကိုဟာနေခြည့်ကိုအရမ်းချစ်တတ်ခဲ့ပြီး အရိပ်တကြည့်ကြည့်နေတတ်ခဲ့တဲ့သူ အိမ်ထောင်ဦးမှာသာယာခဲ့သလောက် အချိန်ကြာလာတာနဲ့အမျှ အချစ်ပေါ့သွားတတ်ကြလေသလား နေခြည်စဉ်းစားမရဘူးဖြစ်နေတယ် နေခြည့် ကျမှများဒီလိုတွေကြုံရသလား အခုတော့ အရာအားလုံးက နေခြည့်အတွက်ကံဆိုးမိုးမှောင်ကျစေခဲ့ပြီလားကို နေခြည်တို့မိသားစုလေးက ကို့အတွက်မလိုအပ်တော့ဘူးလားကိုရယ်

တို့ဆောက်မယ့်အိမ်လေးရယ်… လေမုန်တိုင်းနဲ့နှင်းတွေထဲ.. လဲသွားမှာစိုးထိတ်ခဲ့....အတူတူတို့နှစ်ယောက်ရဲ့ ရင်ထဲ…အိမ်ထောင်ကျပါပြီဆိုကတည်းက နှစ်သက်စွာအစွဲလေးနဲ့ထားခဲ့တဲ့ကို့အတွက်သီးသန့် ဖုန်း ringtone သံလေး အတွေးတွေပျံ့လွင့်နေလိုက်တာ ဖုန်းသံလေးတောင်အခုမှကြားမိပါလား ''Hello နေခြည်ရေ ကိုဒီနေ့ညနေအိမ်ပြန်ရောက်မယ် နေခြည်နဲ့ကလေးတွေပျော်ရအောင်ကိုဖုန်းကြိုဆက်ပေးတာ'' နေခြည်ဘာလို့အရင်လိုပျော်မနေမိတော့တာလဲ ဘာပြန်ပြောရမလဲစဉ်းစားလို့မရဖြစ်နေတာအမှန်ပါပဲ ''Hello နေခြည် နေခြည် ကိုပြော တာကြားလား '' ''ဟုတ်ကဲ့ ကို နေခြည်ကြားပါတယ် သမီးလေးကျောင်းကြိုချိန်နီးနေတာမို့ နာရီကြည့်နေ လို့ပါ'' ''OK အဲ့ဒါဆိုနေခြည်ကျောင်းသွားကြိုလေနော် ကိုကားဆက်မောင်းဦးမယ်'' ''ဟုတ်''ဆိုတဲ့ စကားလုံး တစ်လုံး အပြင် နေခြည်စကားမဆက်နိုင်တော့ဘဲ မျက်ဝန်းထဲကမျက်ရည်မိုးတွေအသည်းအသန်ရွာချမိလိုက်တော့တယ်

သားငယ်လေးကိုဆိုင်ကယ်ရှေ့ကတင် သမီးလေးကိုဆိုင်ကယ်နောက်ကတင်ပြီး ကျောင်း ကြိုပြန်လာ ထမင်းကျွေး ထမင်းစားပြီး သားနဲ့သမီးအချိုတည်းဖို့ အသီးအနှံလေးမျိုးလောက်ကိုရေဆေးသန့်စင်ပြီး ရေခဲသေတ္တာထဲ ထည့်ကာ အလုပ်တွေဇယ်ဆက်သလိုလုပ်ရင်း...... မိခင်တစ်ယောက်ရဲ့ဝတ္တရားတွေကျေပွန်နိုင်သည်ထက်ကျေပွန်အောင်ကြိုးစားနေဆဲ။ ''သမီးကြီးနဲ့သားငယ် အသီးစားပြီးခဏနားမယ် ပြီးရင်ရေချိုးကြမယ်နော် ဖေဖေ ပြန်လာနေပြီတဲ့'' ''ရေး...ဖေဖေပြန်လာပြီတဲ့ ဖေဖေပြန်လာရင်ကျောင်းလိုက်ပို့ခိုင်းမယ် ဆရာမကဖေဖေနဲ့မေမေ ကိုဖတ်ပြခိုင်းရမယ်မှာထားတဲ့ပုံပြင်စာအုပ်လေးကို ဖေဖေ့ဖတ်ပြခိုင်းမယ် ...'' သူ့အဖေပြန်လာရင်လုပ်မယ့် သမီးလေးရဲ့ plan တွေကအများကြီးပါလား သားငယ်လေးကလည်း သူ့အဖေပြန်လာရင်ဘာပူဆာရမလဲ အကြံထုတ် နေရှာတယ်

နေခြည်ဖြည့်ဆည်းပေးထားတဲ့ အရာတွေနဲ့လုံလောက်နေပြီထင်ခဲ့တာ သားသမီးတွေရဲ့ဘဝမှာအဖေတစ်ယောက် ပါဝင်ဖြည့်ဆည်းရမယ့် အခန်းကဏ္ဍကလည်းအများသားပါလားနော် ''ကဲသမီးကြီးနဲ့သားငယ်လေး ရေချိုးရအောင်'' တက်ကြွနေကြတဲ့ခြေလှမ်းတွေနဲ့ ရေချိုးခန်းဆီဒရောသောပါးပြေးထွက်သွားကြတဲ့မြင်ကွင်းလေးကနေခြည့်အတွက် တစ်စုံတစ်ခုမတင်မကျဖြစ်နေရပြီ။ အိမ်ရှေ့ကားရပ်သံကြားတာနဲ့တစ်ပြိုင်နက် သားနဲ့ သမီးကအပြေးသွားကြိုကြတယ်။



လပေါင်းများစွာခွဲခွာနေခဲ့ရတဲ့ သူတို့အဖေရဲ့မျက်နှာကိုစေ့စေ့ကြည့်ပြီး အနမ်းပန်းတွေခြွေနေကြလေရဲ့ ။ ''ကို ကို့သားသမီးတွေနဲ့နေလိုက်ဦးနော် နေခြည်ကို့အတွက်ခေါက်ဆွဲကြော်ပေးချင်လို့ ခေါက်ဆွဲသွားဝယ်ဦးမယ် '' လူမှားနေပြီနေခြည်နင်ဘာလို့ရှောင်ထွက်ခဲ့ရတာလဲ? နင်မပြတ်သားရင်နင်ပဲခံစားရမှာ စိတ်အစဉ်ကသတိပေးနေလေသည်။ အာရုံတွေလည်းထွေနေပြီ ရူးသွားလိုက်ချင်မိတယ်။

''နေခြည် ကိုအောင်သူရတစ်ယောက်ရော'' "နယ်ဆင်းသွားတယ်ကေသီရဲ့ ဘာလဲတိုက်ဆောက်တော့မလို့လား ဖုန်းဆက်ပေးမယ်လေငါ့ယောကျာ်းဆီကို'' ''အမ် မဟုတ်ဘူး ဟိုလေ နေခြည် နင်စိတ်အေးအေးထားဆုံးဖြတ်နော် ကမူးရှူးထိုးလုပ်ရင်သူ့အမှားကကိုယ့်အမှားဖြစ်နေမယ်'' "အေးပါဟ ဘာ ဘာကိစ္စလဲ ပြောပြာဦးဟယ်" "ငါဒီနေ့နင့်ယောကျာ်းကို Oceanမှာတွေ့လိုက်တယ် ကောင်မလေးငယ်ငယ်လေးတစ်ယောက်နဲ့လက်ချင်းချိတ်လို့ဈေးဝယ်နေကြတယ် မသေချာမှာစိုးလို့ငါဈေးမဝယ်ဘဲ သူတို့နောက်ကလိုက်သွားတာ နင့်ယောကျာ်းကားမှ နင့်ယောကျာ်းကားပေါ်တက်သွားကြတာဟ အဆိုးဆုံးတစ်ခုကဟာ...'' ဘုရား ဘုရား ဘုရား အဆိုးဆုံးတစ်ခုတဲ့ ကို ဘာတွေလုပ်နေတာပါလိမ့်။ နေခြည့်ရင်ထဲမှာ စိုးထိတ်မှူ နားမလည်မှူများစွာနှင့်။ တုန်ရီစွာ မဝံ့မရဲနဲ့ ''ဆက်ပြောပါ ငါနားထောင်နေပါတယ် ကေသီ'' "ဗိုလ်ချုပ်ပန်းခြံနားကလေ ဟိုတစ်လောကမှဖွင့် သွားတဲ့......ဟိုတယ် အဲ့ဟိုတယ်ထဲဝင်သွားကြတယ်။''

''ဟင် ဟုတ်လား တကယ်လားကေသီရယ် နင်… နင်မျက်စိမှားတာဖြစ်နေပါဦးမယ်ဟယ်'' ''နင်တို့ကားက Honda Fit အဖြူရောင် ..../00...လေးမဟုတ်လား ပြီးတော့အဲ့နေ့ကနင့်ယောကျာ်း sport shirt အနီစင်းဝတ်ထားတယ်'' လူမှားတာပဲဖြစ်မှာပါ လူမှားတာပဲဖြစ်ပါစေလေ "အေးအေးသူငယ်ချင်းကျေးဇူးပဲနော်" "အေးပါနင်လည်းအိမ်တွင်းအောင်းမနေနဲ့အပြင်လေးဘာလေးထွက်ဦးအပျိုတုန်းကနဲ့ကိုမတူတော့ဘူး ကလေးတွေနဲ့အိမ်မှူ ကိစ္စတွေနဲ့ပဲ ရှူပ်မနေနဲ့ ပြင်သင့် တာပြင်ပါဟာ



အခုခေတ်ယောကျာ်းအများစုကလေ ကိုယ်ဒီဘဝဒီအခြေအနေရောက်ဖို့ အတူတူရုန်းကန်ခဲ့တဲ့ မယားကြီးတွေ ကျ မေ့ထားကြပြီး ဟိုလူ့ဆီကချူလိုက်ဒီလူ့ဆီကချူလိုက်နဲ့ချူဆီမ ငယ်ငယ်လေးတွေပဲဘဝထင်နေကြတာဟေ့ ကောင်မတွေကလည်းဒုဿနသောလည်းမသိ ကာမေသုမိစ္ဆာရကံ လည်းနားမလည်ကြတော့ ငွေရပြီးရောကိုယ့် ဘဝအပျက်ခံပြီး သူများမိသားစုဖျက်စီးဖို့ဝန်မလေးကြဘူး လေးလေးနက်နက်စဉ်းစားတော့ နေခြည်ကလေးတွေရှေ့ရေးကရှိသေးတယ် ဒီပုံစံအတိုင်းဆို စီးပွားရေးထိခိုက်နိုင်တယ် မိသားစုကျန်းမာရေးလည်းစိုးရိမ်ရတယ် နင်တို့အိမ်ပြန်မလာတာကြာပြီလား'' သူကသာ စိတ်ပူပန်စွာ အဆက်မပြတ် ဂရုဏာဒေါသနဲ့ပြောဆိုနေရှာတာ နေခြည့်မှာဘာပြန်ပြောရမှန်း ပင် မသိတော့။

''အွမ်းးတစ်လကျော်လောက်ရှိပြီ" ဆို့နင့်ကြေကွဲမှူတွေနဲ့ ။ ပြန်စဉ်းစားကြည့်တော့ တိုက်ဆိုင်မှုတွေက တကယ်ဖြစ်နေပါရောလား။ ကေသီဆိုတာလည်း နေခြည့်အချစ်ဆုံးသူငယ်ချင်း။ သေချာလို့သာ သူဒီလိုသတိပေးပြော ခြင်းပဲ။ မဟုတ်မမှန်ဘဲ နေခြည်တို့လင်မယားကြား ခလောက်ဆန်ကုန်းချောဖို့ သူဘယ်တော့မှလုပ်မှာမဟုတ်ဘူးဆိုတာသေချာတယ်။ "ငါ့မှာတော့ဟာ ငါ့မှာတော့သူအလုပ်တွေရှူပ်နေလို့ပြန်မလာဖြစ်ဘူးပဲထင်နေခဲ့တာဟာ အခုတော့ ငါယုံကြည်ပေးထားခဲ့သလိုမဟုတ်ပါလား''

"ဘာပဲဖြစ်ဖြစ် ကျေးဇူးပါသူငယ်ချင်း ငါ...ငါဖုန်းချပါရစေနော်'' ''အကောင်းဆုံးစဉ်းစားနေခြည် နင့်မှာကလေးတွေရှိသေးတယ်သူတို့မျက်နှာထောက်ရမယ်နင်ဘာပဲလုပ်လုပ်'' ကေသီလှမ်းအသိပေးခဲ့တုန်းကယမ်းပုံမီးကျပေါက်ကွဲအော်ဟစ်ငိုပစ်ခဲ့တယ်။ကလေးတွေမျက်နှာမှမထောက်သူလုပ်ရက်လေတယ်ဆိုပီးတော့ပေါ့။ အခု လည်း သူနဲ့မျက်နှာချင်းဆိုင်ဖို့ ခဲရင်းနေပြီ။ နေခြည်ဟာကိုယ့်ယောကျာ်းဝင်တဲ့ ဝင်ငွေရဲ့အတိုင်းအတာတစ်ဝက်ကိုသာသုံးလေ့ရှိသူပါ။ သားသမီးတွေကို လူတန်းစေ့ချင်တဲ့စိတ်နဲ့အလုံးစုံရောင့်ရဲခဲ့တယ်။ တစ်ခါတစ်လေလစဉ်မှန်မှန်သူငွေအပ်ဖို့ ပျက်ကွက်ခဲ့တာတွေအတွက် အရင်လကစုထားတဲ့အထဲကပြန်ထုတ်သုံးတယ်ငွေမအပ်လို့ နားပူမနေပါဘူးနေခြည်လည်းအေးအေးဆေးဆေးနေချင်သူတစ်ယောက်မို့ပါ။

''အန်တီနွယ်ရေ ခေါက်ဆွဲခြောက်နှစ်ထုပ်နဲ့ ကြက်ဥ၁၀လုံးပေးပါ'' ''ဟင် သမီးမျက်နှာလည်းမကောင်းပါလား အိမ်ထဲမှာအိမ်အလုပ်တွေနဲ့ပိနေလို့များလားကွယ်'' ''အဲ့လိုလည်းမဟုတ်ပါဘူးအိမ်ထောင်ရှင်မတစ်ယောက်လုပ်ရမယ့် အိမ်ထောင့်တာဝန်နဲ့ သားသမီးတွေရလာတော့ မိခင်တာဝန်တွေပေါ့ နေခြည်တစ်ယောက်ထဲကြုံနေရ တာမှမဟုတ်တာ'' ''လင်နဲ့မယားဆိုတာမောင်တစ်ထမ်းမယ်တစ်ရွက်မျှတအောင်အလုပ်လုပ်မှအိမ်ထောင်သက်ရှည်တာ သမီးရေအန်တီဆို ကုန်စုံဆိုင်လေးဖွင့်ညည်းဦးလေးကဘုရားဖူးကားလေးအငှါးလိုက် ဟိုစရိတ်ဒီထိုး ဒီစရိတ်ဟိုထိုးလေးနဲ့ လောက်ငှတယ်စားနိုင်သောက်နိုင်တာပေါ့ သားသမီးတွေဆီကအထောက်အပံ့မရလည်းလေ''

''ဟုတ်ကဲ့အန်တီနဲ့ဦးတို့က နေခြည်အားကျရတဲ့စံပြလင်မယားပါအခုချိန်ထိအရမ်းလည်းချစ်ကြတယ်တစ်ယောက်နဲ့တစ်ယောက်လည်း အမြဲဖေးမနေကြတာ'' "လင်မယားကြားကလေသားသမီးတောင်ခြားမရဘူး ကျောချင်းကပ်ထားမှတော်ကာကြတယ်သားသမီးကံကကိုယ်နဲ့မထိုက်ရင်အန်တီတို့သာကြည့်သမီး'' လမ်းတစ်လျှောက် နေခြည် ကို့ကိုဘယ်လိုရင်ဆိုင်ရပါ့မလဲ။ "ကို့မိန်းမလက်ရာမစားရတာကြာလို့ထင်တယ် နေခြည်ရယ် အရမ်းစားလို့ကောင်းတာပဲ ဗိုက်တောင်တင်းသွားပြီ '' အပြုံးဖြင့်သာကျေနပ်သယောင်ပြလိုက်မိတယ်။



ပြောင်သလင်းခါနေတဲ့ခေါက်ဆွဲကြော်ပန်းကန်ရှေ့ထိုင်ပြီးအားရပါးရချီးကျူးပြနေတဲ့နေခြည်ရဲ့ယောကျာ်းကိုပေါ့။ ''ဖေဖေသမီးဗိုက်ကြီးလည်းဖေဖေ့လိုပဲပူနေပြီ မေမေ့လက်ရာကသမီးအတွက်နတ်သမီးကြော်ပေးသလိုပဲအရမ်းကောင်းတယ်သိလား'' ''ဟုတ်ပါပြီမေမေ့သမီးရယ်အရမ်းစကားတတ်တာပဲ'' သမီးကြီးကကာတွန်းကားကို မက်မက်မောမောကြည့်နေဆဲ သားငယ်လေးကတော့နေခြည့်ရင်ခွင်ထဲမှာအိပ်မောကြနေလေပြီ "နေခြည်မင်းကို့ကို ဘာမကြည်မလင်ဖြစ်နေတာလဲ ကိုယ့်ယောကျာ်းပြန်လာတာကိုသုန်မှူန်နေတဲ့မျက်နှာနဲ့မသိရင်မင်းလုပ်စားပဲ ငါထိုင်စားနေတဲ့ပုံ ကလေးတွေရှေ့မို့ငါဘာစကားမှမပြောတာ''

''Awwကိုကကလေးတွေအတွက်ထည့်တွက်သေးတယ်ပေါ့ ဒါဆိုကလေးတွေမျက်နှာကိုမထောက်ဘဲအပြင်မှာ ဖြစ်ချင်ရာဖြစ်နေတာ ဘာလို့လဲကိုအောင်သူရ'' သူကသာဒေါသသံစွက်ပေမယ့်နေခြည့်ဘက်ကတော့သူပြန်မ လာခင်ကတည်းက ရင်ထဲနင့်နေအောင်ခံစားထားနှငြ့်ပီးသားလေ တော်တော်လေးတည်ငြိမ်စွာပြန်ချေပနိုင်နေ ပြီ။ ''ဘာဖြစ်ချင်ရာဖြစ်နေလို့လဲ မင်းကိုအချိန်မှန်ပိုက်ဆံမအပ်လို့ငါ့လာစွပ်စွဲနေတာလား'' "စွပ်စွဲနေတယ်ဆိုရင်သေချာလားပြန်မေးလိုက် ကိုယ့်ကိုယ်ကို Oceanကိုကောင်မလေးငယ်ငယ်လေးနဲ့တွဲသွားပြီးဈေးဝယ်ဖူးလား ဗိုလ်ချုပ်ပန်းခြံနားက...ဟိုတယ်မှာနေခြည်မဟုတ်တဲ့တစ်ခြားမိန်းမတစ်ယောက်နဲ့အတူ တည်းဖူးလား ပြီးတော့ စပို့ဒ်ရှပ်အနီစင်းဝတ်ဖူးလား အရင်ကဆိုစပို့ဒ်ရှပ်တွေလူငယ်ဆန်လို့သိပ်မဝတ်ချင်ဘူးတီရှပ်လက်ရှည်နဲ့အတိုတွေသာခရီးသွားရင်ထည့်ခိုင်းတတ်လို့ ထူးဆန်းလို့မေးကြည့်တာပါ ''

'' ငါဘာမှမဟုတ်တာလုပ်မထားဘူးနေခြည် မင်းငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံးလိုက်စုံစမ်းချင်စုံစမ်းလိုက်'' ''ကောင်းပြီလေရှင်ရဲ့ခရီးဆောင်အိတ်ကိုဖွင့်ကြည့်ကြမယ်အင်္ကျီအနီစင်းပါမပါကိုပေါ့ ဒါဟာနေခြည်ပြောနေတာတွေအတွက်သက်သေပြပါလိမ့်မယ် '' ခရီးဆောင်အိတ်ကိုဆွဲဖွင့်ဖို့အလုပ်''နေခြည်မင်းအရမ်း တရားလွန်နေပြီနော် နယ်ဘက်မှာပူလို့စပို့ဒ်ရှပ်လေးအေးအေးလူလူဝယ်ဝတ်မိတာ မင်းငါ့ကိုမစွပ်စွဲနဲ့'' ''ဒါဆိုနေခြည်သိထားတာတွေအားလုံးအမှန်တွေပေါ့'' "မင်းမှာသက်သေရှိလားငါဖောက်ပြန်နေတယ်ဆိုတာသက်သေရှိလားပြော....ပြောစမ်းပါ''

ဒေါသတကြီးနဲ့နေခြည့်ကိုရန်လုပ်ဖို့ တစ်ရှိန်ထိုးပြေးလာနေတယ် တကယ်ဘီလူးစီးနေသလိုပဲ။ ''ဖေဖေ မေမေ့ ကိုမလုပ်ပါနဲ့ သမီးတောင်းပန်ပါတယ် မေမေလည်းဖေဖေ့ကိုမဆူပါနဲ့တော့နော် '' သမီးကြီးလေးမိဘတွေရန်ပွဲ ကြားမှာနာကျင်စွာမျက်ရည်တွေနဲ့တောင်းပန်နေရှာတယ်။ ''သမီးမေမေတို့ဘာမှမဖြစ်ဘူးသမီးမငိုရဘူးလေ''

ဖေဖေကမေမေ့ပဲချစ်တာမေမေရယ် သမီးနဲ့မောင်လေးလည်းချစ်နေတာ တခြားမိန်းမမချစ်ပါဘူးနော်ဖေဖေ ဟုတ်တယ်မလား'' ရှိုက်သံနဲ့အားယူရင်းပြောနေရတဲ့ ရင်ကြားစေ့စကား။ သနားလိုက်တာသမီးလေးရယ်။ ဘယ်အချိန်ကကျလို့ကျသွားမှန်းမသိတဲ့နေခြည့်ပါးထက်ကမျက်ရည်တွေကိုသမီးအတွက်သုတ်ပစ်လိုက်တယ်။



"ကိုအောင်သူရနေခြည်တို့ပြဿနာဒီမှာတင်ပဲတစ်ခန်းရပ်ပါသမီးကြီးစိတ်ထိခိုက်နေပြီ'' တစ်ညသာကုန်သွားလို့ မိုးစင်စင်သာလင်းတယ်နေခြည်အိပ်မရခဲ့ဘူး။ "မေမေသမီးကျောင်းကိုဖေဖေ့လိုက်ပို့ခိုင်းလိုက်မယ်နော် ရန်ထပ်မဖြစ်ရဘူးနော်ဖေဖေ့ကိုသမီးကြည့်ပြောလိုက်ပါ့မယ်မေမေစိတ်ချ'' သမီးဆိုတာထီးတဲ့နေခြည့်အဖို့တော့သွေးထွက် အောင်မှန်တဲ့စကားပါ သမီးလေးကအရွယ်နဲ့မလိုက်အောင်မိဘအရိပ်အကဲနားလည်တတ်သူလေး မိဘစကားကိုဒီအရွယ်နဲ့ နားထောင်တတ်နေပြီ သူ့ဆန္ဒထက်မိဘမျက်နှာကိုသာကြည့်နေတတ်သူပါ ဒီလိုသမီးမျို လေးနဲ့ ချစ်စရာကောင်းတဲ့သားလေးကို ဘယ်အရာနဲ့မှ မလဲလှယ်နိုင်ပါဘူး။

ကိုအောင်သူရ ရှင်လုပ်နေတဲ့ ပြဿနာတွေအတွက် ရှင်တာဝန်ယူဖြေရှင်းပေးပါ နောက်နောင်ဘယ်တော့မှ ဒီလိုကိစ္စမျိုးထပ်မဖြစ်စေရဘူးလို့ ရှင့်မိဘတွေရှေ့မှာကတိပေးရမယ် ဘယ်အတိုင်းအတာအထိဖြစ်ခဲ့ဖြစ်ခဲ့ အဲ့မိန်းမနဲ့အဆက်အသွယ်ဖြတ်ပေးရမယ် ရှင့်အပေါ်နေခြည်တာဝန်မကျေခဲ့တာရှိရင် နေခြည်မိဘစုံရာနဲ့ ရှင့်ကို ပြန်တောင်းပန်မယ် နေခြည်အခုလိုလုပ်တာ ကလေးတွေအတွက်ပဲ နေခြည်တို့သွေးသားနဲ့ ရင်းပြီးဖြစ်တည်လာ ခဲ့တဲ့ ဒီသားနဲ့သမီးကို ရှင့်လောင်းရိပ်အမိခံမလား ရှင်စဉ်းစားပါကိုအောင်သူရ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံး အကြိမ် အဖြစ်ရှင့်ရဲ့ဖခင်ပီသတဲ့စိတ်ကို ပြန်ထုတ်ဖော်ခွင့်ပေးမယ်။ ခုတော့ရှင့်မိဘအိမ်သုံးရက်ပြန်သွားပြီး ရှင်လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့ဆုံးဖြတ်သင့်တာဆုံးဖြတ်ခဲ့ပါ သုံးရက်ပြည့်တဲ့နေ့ကိုမျှော်နေပါမယ်။

ကလေးကျောင်းပို့ပြန်လာတဲ့ကားကို တံခါးဖွင့်မပေးဘဲ ယောက္ခအိမ်သာပြန်ခိုင်းလိုက်ပါတယ် နေခြည်မမှား ပါ ဘူးနော် မိသားစုတစ်ခုအတွက် နေခြည်တို့မိန်းမသားတွေက ချည်တိုင်နွားပါ ယောကျာ်းတစ်ယောက် မကောင်း မှန်းသိပါလျှက်နဲ့လည်း သားသမီးတွေမျက်နှာငယ်မယ့် အရေးကြောင့်ရေငုံနှုတ်ပိတ်နေရလျှက်ရှိကြတယ်စကား တွေသိပ်တတ်နေတောင် သားသမီးမျက်နှာငှဲ့ပြီး ပြောခွင့်မရခဲ့ကြပါဘူး။ အကယ်၍ဖောက်ပြန်ခြင်းရဲ့ နောက် ဆက်တွဲမှာ သူ့မှာကူးစက်ရောဂါတစ်မျိုးမျိုး ကျန်ခဲ့သည်ဖြစ်စေ အငယ်အနှောင်းကို အထောက်အပံ့လွန်ပြီး မိသားစုစီးပွားရေးထိခိုက်သည်ဖြစ်စေ ပတ်ဝန်းကျင်ရဲ့ လက်ညှိုးထိုးခံရသည်ဖြစ်စေ နေခြည်တို့လို အိမ်ထောင် ရှင်မတွေက လင်သားနဲ့အတူ ကောင်းမွေဆိုးမွေကို မျှဝေခံစားကြစမြဲပါ။အိမ်ထောင်တစ်ခုထူထောင်ကတည်းက မိန်းကလေးတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဘက်အတွက် ဘဝကို ပေးဆပ်ပြီးပုံအပ်ခဲ့ကြသူပါ သားသမီး တွေရလာတဲ့အခါ အဲ့ဒီမိန်းကလေးဘဝဟာပိုလို့သာ ပေးဆပ်ရပါတယ်။

သုံးရက်ကြာပြီးတဲ့နောက်မှာ ကို့မိဘသားချင်းတွေနဲ့ မကင်းတဲ့အချို့ပါပါလာကြတယ်သူတို့ဘက်က အထပ်ထပ် ကတိပေးလို့ နေခြည်ကို့ကိုပြန်လက်ခံလိုက်ပါတယ်။ ကို့ကိုကပ်နေတဲ့ မိန်းမကိုလည်းကို့မိဘများက အားလုံး ရှေ့မှာဖုန်းပြောဆုံးမပြီးငွေပုံပေးကာ ကို့သိက္ခာကိုပြန်ဆယ်ယူခဲ့ကြသည်။ ကိုကလည်းရတိပြတ် သူ့သားသမီး တွေကို သူဘယ်အရာနဲ့မှ အစားမထိုး တော့ဘူးလို့ပြောလိုက်လေသည်။ သူရဲ့လုပ်ငန်းကိုလည်း လူလွှဲလိုက်ပြီး နေခြည်အတွက်စတိုးဆိုင် တစ်ဆိုင်ရင်းနှီးပေးတယ်လေ online shop လေးလည်းတွဲလုပ်ရင်းfb ပေါ်က အဝတ် အထည်ဆန်းလေးတွေ မျက်စိကျတတ်ဝတ်စားတတ်လာပြီ။ ကိုလည်းတစ်နေကုန် နေခြည်နဲ့ဆိုင်ထိုင် ကလေး ကျောင်းပို့ကျောင်းကြိုနဲ့ အားတယ်ရယ်ကိုမရှိပါဘူး။ သားလေးပါမူကြိုတက်နေပြီဆိုတော့ ပိုပြီးအကြိုအပို့ လုပ်ရ ပြီလေ………….

“ဟင်တစ်အိမ်လုံးလည်းမှောင်မဲလို့ ကိုနဲ့ကလေးတွေဘယ်ရောက်နေကြပါလိမ့်ရုတ်တရက်စူးခနဲမီးဖွင့်လိုက်ပြီး “ Happy Birthday နေခြည် Happy Birthday မေမေ” အိုဒီနေ့က နေခြည်မွေးနေ့တဲ့ ကိုယ်ကိုယ်တိုင်တောင် မေ့နေတာသတိရပေးကြတဲ့ နေခြည်မိသားစုလေးကို အရမ်းကျေးဇူးတင်တာပဲ ဒီတခါနေခြည်ကျတဲ့မျက်ရည်က ဝမ်းသာပီတိတွေတနင့်တပိုးနဲ့ရယ်ပါ။ စိန်လော့ကတ်သီးလေးတဲ့ ကို့ရဲ့မွေးနေ့လက်ဆောင်… လက်ဆောင်ထက် ပြန်လည်ရှင်သန်လာတဲ့ ချစ်ခြင်းမေတ္တာအတွက် အသက်ရှူရပ်မတတ် အံ့သြမှုတွေနဲ့ ကို့ရဲ့အကြင်နာတွေ အောက်မှာ နေခြည်လဲပြိုနေရဆဲပါကိုရယ်



တို့ဆောက်မယ့်အိမ်လေးရယ် လေမုန်တိုင်းနှင်းတွေထဲ လဲသွားမှာစိုးထတ်ခဲ့ အတူတူတို့နှစ်ယောက်ရဲ့ရင်ထဲ…. ဘယ်လိုမှပြောင်းလဲမသွားမယ့် အချစ်တွေဒီရင်မှာတို့နှစ်ယောက်ရှိနေလည်း… ကံကြမ္မာရဲ့လှည့်ကွက်များအလယ်မှာ….သင်္ခါရတရားကိုဆန့်ကျင်ကာ…

အချိန်တွေအတိုင်းတို့ဆုတောင်းနေတယ် မပြိုပါနဲ့အချစ်အိမ်လေး……

မယားဝတ္တရားငါးပါးကျေပွန်သော အိမ်ထောင်ရှင်အမျိုးသမီးတိုင်းအားလုံး ထာဝရသာယာအေးမြသော မိသားစုလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်……

Written By May Su Shwe Yee

Favorite( 0
share
You can comment if you sign up from login page.