Tag
Lifestyle

နွံ

Ni Po | 2018/06/19 14:56:10

ဒေါ်ရှယ်လီသည် ခင်ပွန်းသည် ကွယ်လွန်ခဲ့ ပြီးနောက် သားနှစ်ယောက်နှင့်သမီးငယ်လေးကို ပြုစုပျိုးထောင်ကာ အိမ်၏စီးပွားရေးဖြစ်သော မွေ့ရာ၊ ကုတင်၊ခေါင်းအုံးများ ရောင်းချသည့်ဆိုင်ကြီးကိုလည်း ဈေးထဲတွင်စီမံအုပ်ချုပ် ခဲ့သည်။ ရန်ကုန်မြို့ထဲတွင် တိုက်ခန်း နှစ်လွှာနှင့် ကိုယ်ပိုင်ကားလေးတစ်စီး၊ လက်ဝတ်ရတနာနှင့်ငွေသားတချို့ စုဆောင်း ဝယ်ယူနိုင်သည်အထိ ဒေါ်ရှယ်လီ ကြိုးပမ်းခဲ့သည်။



အသက်ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်ခဲ့ရသော ဒေါ်ရှယ်လီသည် သားသမီးများအတွက်ဟုသော မိခင်မေတ္တာ ၏ တွန်းအားကြောင့် လောကဓံကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့သည်။ အရွယ်ကောင်းတုန်း ဖြစ်သော်လည်း ဒေါ်ရှယ်လီ သည် နောက်ထပ် အိမ်ထောင်မပြုခဲ့ပေ။ ယခုတော့ ဒေါ်ရှယ်လီ၏ အသက်ပင် ခြောက်ဆယ်ကျော်ထဲဝင်ရောက် ခဲ့ပြီ။

ဒေါ်ရှယ်လီနေသောတိုက်ခန်းမှာ သုံးထပ်တွင်တည်ရှိ၏။ ဒေါ်ရှယ်လီ ထိုတိုက်ခန်းလေးကို ဝယ်ယူခဲ့စဉ်က ယခု ကဲ့သို့ ဈေးမမြင့်တက်သေးဘဲ သင့်တင့်သော နှုန်းဖြင့် ပိုင်ဆိုင်ခဲ့သည်။ နှစ်လွှာဝယ်ထားပြီး အိမ်တွင်းတွင် လှေ ကား တပ်ဆင်ထားသည်။ ပထမတစ်လွှာတွင် ပန်းပင်များ စီရီ စိုက်ပျိုးထားသော ဝရန်တာ၊ သစ်သားပါကေးခင်း ထားသော ကြမ်းပြင်နှင့် ပနံရလှသော ဇာအဖြူရောင် ခန်းဆီးများ၊ အညိုရောင် ဆက်တီနှင့်မှန်စားပွဲဝိုင်း၊မိသားစု ငါးယောက်၏ ဓာတ်ပုံကြီးကို နံရံတွင် ဝင့်ထည်စွာချိတ်ဆွဲထားသော လှပသေသပ်သော ဧည့်ခန်းရှိသည်။



ထို့နောက် စုံလည်စားပွဲနှင့် သပ်ရပ်စွာ ပြင်ဆင်ထားသော ထမင်းစားခန်း၊ ရေချိုးခန်းနှင့် အိမ်အကူ မိန်းကလေး မမိုးနေသောအခန်းရှိသည်။ မမိုးသည်ဒေါ်ရှယ်လီတို့မိသားစုနှင့် နေထိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၍ မိသားစုဝင် တစ်ယောက်ကဲ့သို့ မမိုးမှ အားလုံးအပေါ် စေတနာထား လုပ်ကိုင်ပေးသကဲ့သို့ ဒေါ်ရှယ်လီမှလည်း မမိုးအား သမီး တစ်ယောက်ကဲ့သို့ စောင့်ရှောက်သည်။အပေါ်ထပ်တွင်တော့ ဘုရားခန်း၊ ဒေါ်ရှယ်လီ၏အိပ်ခန်းနှင့် လူပျို၊လူလွတ်များဖြစ်သော သားငယ်နှင့် သမီးထွေးတို့၏ အိပ်ခန်းများ ကပ်လျက်ရှိသည်။

သားကြီးမှာအိမ်ထောင်ရက်သားကျ၍ ကိုယ်ပိုင်စီးပွားရေးဖြင့်အိမ်ခွဲနေလေသည်။ဒေါ်ရှယ်လီ၏ ချွေးမလေးမှာ ရှေ့နေမလေးတစ်ဦးဖြစ်ကာ စိတ်သဘောထားဖြူစင်ပြီး ဒေါ်ရှယ်လီအားလည်း လေးစားချစ်ခင်သည်။ မြေးမလေး တစ်ယောက် ရရှိထားသော ဒေါ်ရှယ်လီမှာ သားကြီး၏ အိမ်ထောင်ရေး အတွက် စိတ်အေးရသည်။

ပညာ စုံ၍ ဘွဲ့အသီးသီး ရရှိထားသော သားလတ်နှင့်သမီးငယ်က ဆိုင်ကိုကြပ်မတ်သည်။ ဒေါ်ရှယ်လီ၏ မောင်အရင်းဖြစ်သော မောင်သာကလည်း အိမ်တွင် ဝင်ထွက် သွားလာတတ်သကဲ့သို့ ဆိုင်လုပ်ငန်းတွင်လည်း ဝင်ရောက် ကူညီလေ့ရှိသည်။ သားကြီးနှင့် ဇနီးသည်၊ မြေးမလေးတို့ပါ လာရောက်လည်ပတ်သောအခါ အိမ်လေးမှာ စိုပြေသာယာလျက် ပီတိအပြုံးများဖြင့် ဝေဖြာနေသော ဒေါ်ရှယ်လီ၏ မျက်နှာကို တွေ့ရလေ့ ရှိသည်။ အသက်အရွယ်ရလာပြီ ဖြစ်၍ ဒေါ်ရှယ်လီသည် တရားဘာဝနာ၌ မွေ့ပျော်လျက် ရှိ၏။

သူမ မျက်စိမှိတ်ချိန်တွင် သားသမီးများ၏ နောင်ရေး စိတ်အေးရအောင် ဒေါ်ရှယ်လီ စီစဉ်ချင်သည်။ သားကြီး မောင်နေလင်းအောင်၏အိမ်ထောင်ရေးအတွက် ဒေါ်ရှယ်လီစိတ်အေးရသကဲ့သို့သားလတ် မောင်မျိုးမြတ်အောင် နှင့် သမီးထွေးလေး သက်မွန်အောင် အတွက်လည်း စိတ်ချချင်ပြီ။ သားလတ်က ချစ်သူ ရှိနေပြီဟု အသိပေးလာ သည့်အတွက် သားလတ်၏ ချစ်သူ မိန်းကလေးအား ဒေါ်ရှယ်လီ တွေ့ဆုံရန် အိမ်တွင် စိတ်လက် ပေါ့ပါးစွာ နေ့လည်စာ စီစဉ်နေသည်။

ပုဇွန်ထုပ်ဆီပြန်၊ကြက်သားလုံး၊ချိုချဉ်ကြော်၊ကန်ဇွန်းရွက်ကြော်စသည့် မြိန်ရာဟင်းကောင်းများကို ဒေါ်ရှယ်လီ သည် တစ်မနက်လုံး မမိုးနှင့် အတူ မီးဖိုခန်း ထဲတွင် ပြင်ဆင် ချက်ပြုတ်လျက် ရှိသည်။ သို့သော် မောပန်းသည် ဟု မထင်မိ။

အတောင်အလက်စုံကာ မိခင် အသိုက်အမြုံမှ သားသမီးများ ပျံသန်း ထွက်ခွာနေသည်ကို ဒေါ်ရှယ်လီ ဝမ်းနည်း မိသလို ခင်ပွန်းဖြစ်သူကိုလည်း ပို၍သတိရမိသည်။ သားသမီးများအတွက် မိစုံဖစုံဖြင့် ကျင်းပခွင့်ရသောမင်္ဂလာ ဧည့်ခံပွဲကို စီစဉ်ကျင်းပပေးချင်မိသည်။ ထိုသို့ တဒင်္ဂတွေးမိလိုက်သော ဒေါ်ရှယ်လီ၏ မျက်ဝန်းများသည် စိုစွတ် သွားသည်။

သားလတ်၏ မိန်းကလေးမှာ အေးဆေးကာ ရည်မွန်သည်။ ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်နေသည်ဟု သိရသည် ထမင်းစားပွဲလေးပြီးစီး၍ ချွေးမလောင်းအားသားလတ်ပြန်ပို့ပြီးနောက် ဧည့်ခန်းတွင် ထိုင်နေသော ဒေါ်ရှယ်လီ၏ အနားသို့ သားရောက်လာသောအခါ ဒေါ်ရှယ်လီသည် သူမစဉ်းစား စိတ်ကူးထားသည်ကို ပြောပြဖြစ်သည်။



"သား.... မေမေ တစ်ခု စဉ်းစားမိတယ်။ သား သဘောတူနိုင်တယ် ဆိုရင်ပေါ့လေ... မေမေ မကွယ်လွန်ခင် သားသမီးတွေအားလုံး တွက် စိတ်အေးချင်တယ်... အဲ့ဒါကြောင့် သားရဲ့ညီမထွေးလေးကို သား လက်မထပ်မီ အရင် အိမ်ထောင်ချပေးလိုက်ချင်တယ်။ မေမေ စိတ်အပူရဆုံးက သမီးလေးဖြစ်နေလို့ပဲ။ သားဘယ်လို သဘော ရလဲ" "ရပါတယ်... မေမေ။ သား ချစ်သူက သားသဘောပါ။ ဟုတ်တော့လည်း ဟုတ်ပါတယ် ညီမလေး သက်မွန်အတွက် သားတို့လည်း စိတ်ပူမိတယ်။ ဒါပေမယ့် မေမေ သိပ်မစိုးရိမ်ပါနဲ့... ညီမလေးက လိမ္မာပါတယ် အခုချိန်ထိ ရည်းစားချစ်သူ မရှိသေးတာ မေမေလည်း အသိပဲလေ..."

ဒေါ်ရှယ်လီ၏ တစ်ဦးတည်းသော ချစ်သမီးလေးမှာ သူမအဖေကဲ့သို့ အရပ်အမောင်းကောင်းကာ မျက်ခုံးထူထူ နှင့် အသားအရေ မှာလည်း ဖြူစင် ဝင်းပသည်။ သက်မွန်အား လူအများက မင်းသမီး စိုးမြတ်သူဇာနှင့် ခပ်ဆင် ဆင်တူသည်ဟု ဆိုကြသည်။ သမီးမိန်းကလေး တစ်ဦးတည်း ဖြစ်သောကြောင့် မိသားစုထဲတွင် သက်မွန့်ကို အမေနှင့် အစ်ကိုများက ဦးစားပေး၍ ချစ်ခင်ကြသည်။ ဒေါ်ရှယ်လီကတော့ မိခင်တစ်ဦး ဖြစ်၍ သမီး အပေါ် ထားသော ချစ်ခြင်းတရားကို ပြောပြစရာပင် မလိုတော့ပေ။

သက်မွန်သည် ကိုယ်ပိုင်ကား ဆလွန်းအဖြူရောင်လေးကို ကိုယ်တိုင် မောင်းကာ ဆိုင်သို့ နေ့စဉ် သွားသည်။ အလုပ်အားချိန်တွင် မမိုးနှင့်အတူ အိမ်မှု့ကိစ္စများ ကူညီလေ့ရှိသည်။ အလိုလိုက်ခံထားရသော်လည်း မဆိုးဘဲ လိမ္မာရေးခြား ရှိသော သမီးလေးအတွက် ဒေါ်ရှယ်လီ ဂုဏ်ယူကျေနပ်မိသည်။ သမီးလေး အပြင်သွားခါနီး သပ်ရပ် လှပစွာဝတ်စားထားပြီး လှေကားမှ ဆင်းလာသည့် အခါတိုင်း ဧည့်ခန်းတွင် ထိုင်ကာ သမီးငယ်ကို ငေးကြည့်နေတတ်သော ဒေါ်ရှယ်လီ၏ ရင်ထဲတွင် ပီတိ၊ မေတ္တာ တရား တို့ဖြင့် ကြည်နူးမိသည်။ သမီးငယ်ကို လာရောက် တောင်းရမ်းသူများ ရှိသော်လည်း ဒေါ်ရှယ်လီ စိတ်ကြိုက်သမက်လောင်းကို မတွေ့သေး။သက်မွန်၏ သဘောထားကိုလည်း ဒေါ်ရှယ်လီ ထည့်သွင်းစဉ်းစားမည်ဖြစ်ကာ မိခင် ဆန္ဒ တစ်ခုတည်းဖြင့် သမီး၏ အိမ်ထောင်ရေးကို ဆုံးဖြတ်မည် မဟုတ်ပေ။
တစ်နေ့တွင် ဒေါ်ရှယ်လီ၏ အိမ်သို့ ရည်ရည်မွန်မွန် ရှိသော လူငယ် တစ်ဦးရောက်လာသည်။ ထိုသူငယ်သည် ဒေါ်ရှယ်လီအား ရိုသေကျိုးနွံစွာ ဆက်ဆံပြောဆိုကာ ဧည့်ခန်းရှိ ဆိုဖာ အပေါ်တွင်ပင် မထိုင်ဘဲ ကြမ်းပြင်အပေါ် တွင် ကျုံ့ကျုံ့လေးထိုင်နေသည်။ အသားညိုကာ၊ ဆံပင်ကောက်ကောက်နှင့် အတန်ငယ် ကြီးသယောင်ရှိသော လူရွယ်၏ နှာခေါင်းကြောင့် ထိုသူငယ်မှာအကြည့်ရ ဆိုးလေသည်။

" မောင်ရင်... အပေါ်မှာ ထိုင်ပါကွယ်... ကြမ်းပြင်ကြီး ပေါ်မှာ..."

"ရပါတယ်အန်တီ ခင်ဗျာ.. ကျွန်တော် အန်တီ့မိတ်ဆွေဦးချစ်မောင်ရဲ့ သား ကျော်ဇေယျပါ... ဖေဖေက ဒီပိုက်ဆံ အထုပ်လေး ပေးခိုင်းလိုက်လို့ ကျွန်တော် အရောက် လာခဲ့တာပါ ခင်ဗျာ..."

"အေးကွဲ့... မင်း အဖေနဲ့ အန်တီ သိတာ သိပ်မကြာသေးဘူး... စီးပွားရေး ကိစ္စနဲ့ပဲ ပတ်သက်လို့ ဆိုပါတော့..."

"ဟုတ်ကဲ့"

" မောင်ကျော်ဇေယျ ထမင်းစားပြီးမှ ပြန်ကွဲ့"

"နေပါစေ အန်တီ... ကျွန်တော် အလုပ်လေးတွေ လက်စမသက်ရသေးတာနဲ့... နောက် ကြုံမှပေါ့ ခင်ဗျာ။ အန်တီ လိုတာ ရှိရင်လည်း ကျွန်တော့်ကို ခိုင်းနိုင်ပါတယ်... ကျွန်တော် အချိန်မရွေး လာခဲ့ပါ့မယ်" အပြောအဆို သိမ်မွေ့ နူးညံ့ကာ ကူညီလိုစိတ် ရှိသော လူရွယ်၏ အမူအရာကြောင့် ကြည့်မကောင်းသော ရုပ်ရည်သည်ပင် ဒေါ်ရှယ်လီ၏ မျက်လုံးထဲတွင် ပြေပြေပြစ်ပြစ် ရှိနေတော့သည်။

"မေမေ... အိပ်တော့မလို့လား? သမီး နှိပ်ပေးရမလားဟင်"



အိပ်ခန်းတွင် ထိုင်ကာ ပုတီးစိပ်ပြီးနောက် ဒေါ်ရှယ်လီ အိပ်ရန်ပြင်နေစဉ် သမီးငယ် သက်မွန် စကားကြောင့်-



"ငါ့သမီးလေးက လိမ္မာတယ်... နေပါစေ သမီးရယ်။ နှိပ်မပေးပါနဲ့။ မေမေ မညောင်းပါဘူး။ သမီးလေးလည်း ဆိုင်အလုပ်တွေနဲ့ ပင်ပန်းနေရောပေါ့"



"ဆိုင် အလုပ်က မပင်ပန်းပါဘူး မေရယ်။ လုပ်နေကျပဲဟာ... မေမေတောင် သမီးတို့ ငယ်ငယ်တုန်းက တစ်ယောက်တည်း ဒီဆိုင်ကြီး ဖြစ်မြောက်အောင် ရုန်းကန်နိုင်ခဲ့သေးတာပဲ..."



ဒေါ်ရှယ်လီ ပြုံးကာ သမီးငယ်၏ ဆံစလေးများကို သပ်ကာကြည့်မိသည်။ ထူသောကြောင့် ထိစပ်လုနီးပါး ဖြစ် နေသောမျက်ခုံးနှင့် ကော့ညွှတ်နေသောမျက်တောင်၊ မျက်ဝန်းညိုညိုများမှာ ဖခင်ဖြစ်သူ ဦးသူအောင်နှင့်တူလေ သည်။ ပြုံးလိုက်လျှင် ချိုင့်ဝင်သွားသော ပါးချိုင့်လေးကြောင့် သမီးမှာ ပို၍ချစ်စရာကောင်းသည်။ ဘာလိုလိုနှင့် သမီးလေး အသက်ပင် ၂၅ နှစ်ထဲ ဝင်ခဲ့ပြီ။

"မေမေ့ကို ပြောရဦးမယ်... သိလား... ကိုလတ်ကြီးလေ... သူ့ ကောင်မလေးဆီပဲ အခစား သွားသွား ဝင်နေ တာ... ဆိုင်မှာ သမီး တစ်ယောက်တည်း လုပ်နေရတယ်... ဟွန်း" သမီးငယ်၏ အမူအရာကြောင့် ဒေါ်ရှယ်လီ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောမိကာ- "သမီးက အစ်ကိုကို သဝန်တိုနေတာ မဟုတ်လား...""ဟို ကလေးမ... မေမေ့ကို ဘာတွေ ချွန်နေတာလဲ" ညီမငယ်ကို စနောက်ကာ မိခင် ဖြစ်သူ အနားသို့ ရောက်လာသော သားလတ်က သမီးခေါင်းကိုထုကာ ဆိုသည်။



"မဟုတ်လို့လား... ကိုလတ် ဆိုင်ကို ညီမလေးနဲ့ ပစ်ပစ် ထားပြီး ကိုလတ် ရည်းစားဆီ သွားနေတာကိုး " သားအမိ သုံးယောက်၏ ရယ်သံများ အခန်းလေးထဲတွင် ပျံ့လွင့်နေသည်....။

မောင်ကျော်ဇေယျသည် ဒေါ်ရှယ်လီ၏ အိမ်သို့ ဝင်ထွက်သွားလာကာ ဒေါ်ရှယ်လီအား ကျေးဇူးတင်ကြောင်း မကြာခဏ ပြောဆို၏။ သူ၏ ဖခင်စီးပွားရေး အဆင်မပြေချိန်တွင် ဒေါ်ရှယ်လီမှ ကူညီခဲ့သောကြောင့် ဖြစ်သည်။ မောင်ကျော်ဇေယျတို့ အိမ်တွင် တစ်ခုခု ချက်ပြုတ်သည့် အခါတိုင်းလည်း ဒေါ်ရှယ်လီ ထံသို့ လာရောက် ပေးပို့ လေ့ရှိသည်။ ဒေါ်ရှယ်လီ၏ အိမ်တွင်လည်း သားလတ် မအားလပ်သည့် အခါ ဝင်ရောက် ကူညီလေ့ ရှိသည်။ မောင်ကျော်ဇေယျ၏ မိခင်မှာ တိမ်းပါးသွားပြီ ဖြစ်ကာ အဒေါ် ဖြစ်သူ လက်ထဲတွင် ကြီးပြင်းခဲ့သည် ဆို၏။



အိမ်သို့ လာရောက်လည်ပတ်သည့်အခါ၊ ဆိုင်သို့လည်း သွားရောက်လေ့ရှိသော မောင်ကျော်ဇေယျနှင့် သက်မွန် ဆုံတွေ့သည်မှာ လေး, ငါးခါလောက် ရှိမည်။ ထိုအခါ ထိုသူငယ်သည် ရွှန်းလဲ့ တောက်ပသော အကြည့်များဖြင့် သက်မွန်အား ငေးကြည့်တတ်သည်ကို ဒေါ်ရှယ်လီသတိပြုမိသည်။ သမီးဖြစ်သူမှာတော့ လူရွယ်အားပုံမှန်သာ ဆက်ဆံလေ့ရှိပေမယ့် မောင်ကျော်ဇေယျမှာ "မွန်မွန်" နှင့် သမီးအနားသို့ချဉ်းကပ်လေ့ရှိကာ စကားများပြောမ ဆုံးနိုင်အောင်ပင် ရှိချေသည်။ မောင်ကျော်မှာ သားလတ်နှင့်လည်း ခင်မင်အောင် နေထိုင်သည်။

တစ်နေ့တွင် ဒေါ်ရှယ်လီ မျှော်လင့်ထား သကဲ့သို့ပင် မောင်ကျော်ဇေယျတို့ သားအဖ သူမ၏ အိမ်သို့ သမီးအား လာရောက် တောင်းရမ်းသည်။ သားနှင့်သမီးများကို တိုင်ပင်ပါရစေဟု ဒေါ်ရှယ်လီ အကြောင်းပြန်ဆိုကာ စကား ကို မယုတ်မလွန်ပြောခဲ့သည်။ သားကြီးနှင့် သားလတ်ကို ဒေါ်ရှယ်လီ ဆွေးနွေးသည့် အခါ -

"သားတို့ သဘော ဘယ်လို ရသလဲ... မေမေ အကဲခတ်ရ သလောက်တော့ မောင်ကျော်က ကျိုးနွံ ယဉ်ကျေးပြီး သူ့ အဖေ စီးပွားရေးမှာလည်း ကြိုးစားတဲ့ လူငယ် တစ်ယောက်ပဲ" " မေမေ နည်းနည်းများ စောသေးသလားလို့ မေမေနဲ့ သူတို့ သားအဖခင်တာ သိပ်မကြာသေးဘူး...။ သူတို့ သားအဖတွေ အကြောင်းကို သားနည်းနည်း စုံစမ်းကြည့်ဦးမယ်..." ဟု သားကြီးက ပြောသည်။



"အေးပါကွယ်... မောင်ကျော် ရုပ် နည်းနည်း ဆိုးတာကတော့ ကြီးမားတဲ့ ချို့ယွင်းချက် တစ်ခုတော့ မဟုတ်ပါ ဘူးလေ... စိတ်သဘောထား ဖြူစင်ရင် ကြည့်သူ မျက်လုံး ထဲမှာ ချောလာတာပါပဲကွယ်... ရုပ်ဆိုးတော့လည်း သမီးကို ပစ်ပြီး မယားငယ် ယူသွားမှာ မပူရတော့ဘူးပေါ့..." မေမေ၏ အတွေးများ မှန်ကန်ပြီး ညီမလေး အိမ် ထောင်ရေး ကံကောင်းပါစေ ဟုသာ သားများက မျှော်လင့် ဆုတောင်းနေသည့် အလား မည်သည့် စကားမှ မဆိုဖြစ်ဘဲ နှုတ်ဆိတ်နေကြသည

အကြိမ်ကြိမ် အခါခါ နားဖောက် ကြောင်ပီးးလမ်းကာ သမီး အပေါ်တွင်လည်း ဂရုစိုက် ကြင်နာမည်ဟု ကတိပေး သောကြောင့် ဒေါ်ရှယ်လီသည် မောင်ကျော်ဇေယျနှင့် သမီးအား သဘောတူ လက်ထပ် ပေးရန် ဆုံးဖြတ်ခဲ့သည် သမီး၏ သဘောထားမှာလည်း မိခင်၏ ဆုံးဖြတ်ချက်ကို ငြင်းပယ်ရန် မရှိဟု ဆိုလာသဖြင့် မင်္ဂလာပွဲလေး စီစဉ် ခဲ့သည်။ စီးပွားရေးတွင် ငွေမပေါ်သေးသောကြောင့် မင်္ဂလာစရိတ်ကို အပြည့်အဝ တာဝန်မယူနိုင်သောကြောင့် အလွန်အမင်း အားနာကာ သောကရောက်နေသော မောင်ကျော့် ဖခင် ဦးစိုးသိမ်းအား စိတ်မပူစေရန် ပြောဆိုပြီး ကုန်ကျ စရိတ်များကို ဒေါ်ရှယ်လီတို့ ဘက်ကသာ တာဝန်ယူခဲ့သည်။ သမီး သက်မွန်အား ဒေါ်ရှယ်လီသည် လက်ဝတ်လက်စားများ ဆင်ရင်ပေးကာ မောင်ကျော်ဇေယျတို့ နေအိမ်သို့ ထည့်လိုက်သည်။ ဒေါ်ရှယ်လီ၏ ရင်ထဲတွင်တော့ သွေ့ခြောက်ကာ လစ်ဟာ၍ ကျန်ခဲ့သည်။

သို့သော် မိဘ ဝတ္ထရား ရှိသည့် အတိုင်း ထိမ်းမြားပေးရခြင်းမှာ ဒေါ်ရှယ်လီ တစ်ယောက် လူ့လောကကြီးတွင် မရှိတော့သည့် အခါ အိမ်ထောင် ကိုယ်စီနှင့် အစ်ကိုများ အကြားတွင် သမီးလေး တစ်ယောက်တည်း ဖြစ်မနေ စေရန် ရည်ရွယ်၍ ရင်အကွဲ ခံခဲ့ရသည်။ သမီးအား မောင်ကျော်ဇေယျတို့ နေအိမ်သို့ ယောင်နောက် ဆံထုံးပါ ထည့်ခဲ့ရသည်။ တော်သေးသည်က မောင်ကျော်တို့ နေအိမ်မှာ တစ်မြို့တည်းတွင် တည်ရှိပြီး သွားလာချိန် ၁ နာရီခန့် အကြာတွင် ဖြစ်သောကြောင့် သမီးနှင့် အချိန်မရွေး တွေ့နိုင်သေးသည်။

ထိုသို့နှင့် နေ့ရက်များ ကုန်ဆုံးကာ သမီးလေးမှာ မောင်ကျော်တို့ နေအိမ်သို့ သွားရောက် နေထိုင်သည်မှာ သုံးလခန့်ပင် ရှိချေပြီ။ သို့သော် သက်မွန်ဆီမှ ဖုန်းလေးပင် အဆက်အသွယ် မရသောကြောင့် ဒေါ်ရှယ်လီ ပူပန်စ ပြုနေသည်။

"မေမေ.... သား ဆိုင် ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာနဲ့ မေမေနဲ့တောင် သေချာ စကား မပြောဖြစ်ဘူး... မေမေ နေလို့ ကောင်းရဲ့လား... မေမေ့ မျက်နှာလည်း မလန်းပါလား..." ဧည့်ခန်းတွင် ထိုင်ကာ သမီးဆီ စိတ်ရောက် နေသော ဒေါ်ရှယ်လီသည် သားလတ်၏ စကားသံများကြောင့် အသိဝင်လာသူ တစ်ယောက်ကဲ့သို့ -" သြော်... သားလတ် မေမေ့ အနား ရောက်နေတာတောင် မေမေ မသိလိုက်ဘူး... သားတို့ ညီမလေးက ဖုန်းလည်း မဆက်၊ အိမ်လည်း မလာတော့ မေမေ စိတ်ပူမိလို့ပါကွယ်..."



"မေမေရယ်... ညီမလေးလည်း သူ့ အိမ်ထောင်နဲ့သူ ဆိုတော့ အလုပ်တွေ ရှုပ်နေလို့ နေမှာပါ။ မစိုးရိမ်နဲ့နော်... ။ ဒါနဲ့လေ... သား မင်္ဂလာဆောင်မယ့် ရက်က နောက် ထပ်ရွှေ့သွားပြီ မေမေ။ ဝင့်က သူတို့ ကုမ္ပဏီက လွှတ်တဲ့ ပရောဂျက် တစ်ခုနဲ့ ဂျပန်ကို ၃ လလောက် သွားရမယ်တဲ့..." သြော်... အေး အေး... သားတို့ အချင်းချင်း အဆင်ပြေရင် ပြီးတာပါပဲကွယ်..."

ထိုနေ့က မိုးဖွဲဖွဲလေး ရွာလျက် ရှိသည်။ အိမ်ဝရန်တာတွင် ရပ်ကာ ရွှေ့လျားနေသော တိမ်ညို အဆုပ်အခဲများ ကို ဒေါ်ရှယ်လီ ငေးကာ ကြည့်နေမိသည်။ ထိုအချိန်တွင် အိမ်အောက်တွင် တရှိန်ထိုး ကျွီခနဲ ရပ်လိုက်သော တက္ကစီ တစ်စီးထိုးဆိုက်သံကြောင့် ဒေါ်ရှယ်လီ သေချာ ကြည့်မိစဉ် သမီးလေး သက်မွန် အထိတ်တလန့် လျင်မြန်စွာ ပြေးဆင်းလာသည်ကို တွေ့ရသည်။



အိမ်ပေါ်သို့ ရောက်သောအခါ -

" မေမေ... သမီး ... သမီး တက္ကစီခ ပိုက်ဆံ မပေးခဲ့ရသေးဘူး... မမိုးကို သွားပေးခိုင်းလိုက်နော်..."

ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောနေသော သမီးကို ဒေါ်ရှယ်လီ အံ့သြကြီးစွာ ကြည့်ကာ ခေါင်းငြိတ်ပြမိသည်။ အိမ်အကူ မိန်းကလေး မမိုးသည် အိမ်အောက်ထပ်သို့ ဆင်းသွားသည်။

"သမီး... ဘာဖြစ်လာတာလဲ... မေမေ ရင်ထိတ်လိုက်တာကွယ်"



".... "



" မေမေ့ကို မှန်မှန် ပြောစမ်း... ငါ့သမီး တစ်ခုခုတော့ ဖြစ်နေတယ်"

အင်္ကျီ ကပိုကရိုနှင့် ကြောက်ရွံ့ထိတ်လန့် နေသော သမီး၏ မျက်ဝန်းများကို တွေ့ရသော ဒေါ်ရှယ်လီမှာ သွေးပေါင်ချိန်ပင် ဒိန်းခနဲ တက်သွားသည်။ မမိုး ယူလာပေးသော သံပုရည်ကို သားအမိ နှစ်ယောက် သောက်နေသည်။

"မမမွန်... ဟိုအိမ်မှာ အဆင်ပြေရဲ့လား မမိုးရော မေမေကြီးပါ စိတ်ပူနေကြတာ" မမိုး ပြောသော စကားများကို သမီးက မည်သို့မှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသည်။ ခဏနေမှ- " မေမေ... ကိုကျော်ဇေယျက သမီးတို့ ထင်သလို လူကောင်း တစ်ယောက် မဟုတ်ဘူး မေမေရယ်... သူ သူ... "

"သမီးတို့ မင်္ဂလာဆောင်ပြီး သူ့ အိမ်လိုက်သွားကတည်းက သမီးကို မေမေ့ဆီ ဆက်သွယ်ခွင့် မပေးဘူး။ အခန်းထဲမှာ ပိတ်ထားတယ်... အခု သူနဲ့ သူ့ အဖေကြီး လစ်တုန်း သမီး ထွက်လာရတယ်။ မေမေ ဆင်ပေး လိုက်တဲ့ လက်ဝတ်လက်စားတွေကိုလည်း တောင်းတယ် မေမေ... ပြီးတော့ သမီးကို ကိုကြီး၊ ကိုလတ်တို့နဲ့ အမွေခွဲ တောင်းခိုင်းတယ်... သမီးက မပေးလို့ သမီးကို ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်... သူ့ အဒေါ်နဲ့ အဖေကလည်း သူ လုပ်နေတာတွေကို ဘာမှ မပြောဘူး... သမီးကို ကျွန်တစ်ယောက်လို သူ့ အဒေါ် ကလည်း အိမ်မှာ ခိုင်းတယ်.... ဟင့် ဟင့်..."



သမီးက မျက်ရည်များ တွေတွေ ကျကာ ပြောနေသည်။ ဒေါ်ရှယ်လီမှာ ချက်ချင်းပင် ထိုသားအဖအား သတ်ပစ် ချင်စိတ်များ ပေါ်ပေါက်ခဲ့သည်။ ခေါင်းထဲတွင် ရိပ်ခနဲ မူးကာ သမီးအား များစွာ ကရုဏာ သက်မိသည်။ သူမ အပြစ်ရှိသလို ခံစားရသည်။ ဘီလူးခေါင်း ဆောင်းထားသော လူများမှာ ဟန်ဆောင် မျက်နှာဖုံးအား အချိန်တို အတွင်းမှာ ခွာချလိုက်ကြသည်။ လူယုတ်မာ ပိုင်းလုံး သားအဖမှန်း အချိန်နောက်ကျပြီးမှ သိရသည်။ သမီးလေး ဘဝတော့ အညွန့်ချိုးခံရပြီ။ ဒေါ်ရှယ်လီ မည်သို့ ပြုလုပ်ရမည်ကို မသိ။ သမီးက ဒင်း၏ တရားဝင် ဇနီး မယား ဖြစ်နေပြီ။

ထိုနေ့က မောင်ကျော်မှ သက်မွန်အား သူကိုယ်တိုင် ပြန်လာ ခေါ်ယူသည်။ လင်မယား နှစ်ယောက် တီးတိုး တီးတိုး ပြောကာ အတန်ကြာသောအခါ- " မေမေ.... သမီး ပြန်လိုက်သွားလိုက်မယ်နော်... "

မောင်ကျော်မှာ ဒေါ်ရှယ်လီအားလည်း အကြိမ်ကြိမ် တောင်းပန်ကာ နောက်ဆို သမီးအား ရိုက်နှက်ခြင်းများ မပြုလုပ်ဘဲ စိတ်ချမ်းသာအောင် ထားပါမည်ဟု ကတိပေးခဲ့သည်။ လင်နှင့်မယား လျှာနဲ့သွား ကဲ့သို့ ရန်ဖြစ် စကားများသည်ပဲ ဒေါ်ရှယ်လီ ထင်မိသည်။ သားများနှင့် မောင်ကျော် ထိပ်တိုက် တွေ့လျှင်လည်း ရန်ပွဲများ ဖြစ်လာနိုင်၍ သမီးအား ထည့်လိုက်ရသည်။



" မေမေကြီး... မမိုး ပြောစရာလေး ရှိလို့... မမမွန်ကိုလေ သူ့ယောက်ျားက လက်ထဲကို ငွေသုံးစွဲခွင့် မပေးဘူး ထင်တယ်နော်... တက္ကစီခ ပေးစရာတောင် မမမွန်မှာ မရှိဘူး.. ပြီးတော့လေ... တက္ကစီ ဒရိုင်ဘာကြီးက ပြောလိုက်တယ်... ဟိုလူက မမမွန်ကို မေမေကြီးဆီ မသွားဖို့ တားရင်း ကားထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်တာ မမမွန် အင်္ကျီကို လူပုံ အလယ်မှာ ဖြန်းခနဲ ဆွဲဖြဲ လိုက်တယ်တဲ့... အဲ့ဒါ ကားဒရိုင်ဘာကြီးက သူ့ကားပေါ်က ဟိုလူကို အတင်း မောင်းထုတ်လိုက်ရတယ်တဲ့"

"အို... မေ့သမီးလေးရယ်..."

ဒေါ်ရှယ်လီ ဆွံအကာ ငြိမ်သက်နေမိသည်။ သမီးမှာ မိခင် စိတ်မကောင်းမည် စိုး၍ အသေးစိတ်ကို မပြောသွားခဲ့ ပေ။ အိမ်ထောင်ရေး ကံကောင်းစေရန် သမီး အတွက် စီစဉ်ခဲ့သော်လည်း လွဲချော်ခဲ့ပြီ။ ကံတရားကို အပြစ်တင် ရမည်လား၊ ရွေးချယ်ပေးခဲ့သည့် မိမိ ကိုယ်တိုင်သာ အပြစ်ရှိသည်လား ဒေါ်ရှယ်လီ ဝေခွဲ မရဖြစ်ကာ ငိုကြွေးမိ သည်။ ဟန်ဆောင်ကောင်းလွန်းသော စိတ်ဓာတ်သေးသိမ် အောက်တန်းကျသော မိသားစုနှင့်မှ ပတ်သက်မိခဲ့ ပြီ။ ငွေမက်သောကြောင့် သမီးလေးကို အကွက်ကျကျ စီစဉ်တောင်းရမ်းခဲ့သည်ကို မသိနိုင်သောဒေါ်ရှယ်လီ သည် မိမိကိုယ်ကို တုံးအလွန်းသည်ဟု ဒေါသတကြီး အော်ဟစ်မိသည်။
နောက်ရက်များတွင် ဒေါ်ရှယ်လီ၏ မိတ်ဆွေ တစ်ယောက် ပြောပြသည်မှာ မောင်ကျော်အား မိန်းကလေး တစ်ယောက်နှင့် စားသောက်ဆိုင် တစ်ခုတွင် တွေ့လိုက်သည် ဆို၏။ သမီး မျက်နှာတွင်လည်း ဖူးယောင်ကာ မျက်ကွင်းညိုကြီးကို တွေ့သည့် မိတ်ဆွေကလည်း ပြောပြန်သည်။ "သြ... သြ.. ဒီလောက် ကြည့်မကောင်းတဲ့ ရုပ်ရည်မျိုးနဲ့ လူက ချောချောလှလှ ငါ့သမီးလေးကို ရထားပြီးတော့တောင် ဖောက်ပြန်ချင်သေးတယ်... အံ့သြစရာပါလား" ဟု ဒေါ်ရှယ်လီ စိတ်အချဉ် ပေါက်ကာ တွေးမိသည်။

ရုပ်ဆိုးတိုင်းလည်း သဘောထားမကောင်းနိုင်သလို ရုပ်ရည်ချောမောသူတိုင်းသည်လည်း သဘောယုတ်ရှိသည် မဟုတ်ပေ။ လူကောင်း၊ လူဆိုး ဆိုသည်မှာ လူတစ်ဦး တစ်ယောက်ချင်း အပေါ်၌သာ မူတည်၍ ယေဘူယျ ကောက်ချက်ချရန် ခက်ပေသည်။ သားများနှင့် တိုင်ပင်ကာ ဤကိစ္စအား ဖြေရှင်းရန် နည်းလမ်းအားဒေါ်ရှယ်လီ စဉ်းစားနေမိသည်။ ထိုအတောအတွင်း သမီးထံမှအဆင်ပြေပါသည်ဟု ကြားရသဖြင့် ဒေါ်ရှယ်အလီသည် အနည်းငယ် စိတ်သက်သာရာရ၏။ အချိန်များတရွေ့ရွေ့ ကုန်ဆုံးကာ သက်မွန်အိမ်ထောင်ကျပြီး တစ်နှစ်နီးပါး ကြာမြင့်လာခဲ့သည်။

မေမေ... သမီးကို ပိုက်ဆံ တစ်သိန်းလောက် ခဏ ပေးပါနော်...
ဖုန်းထဲတွင် သက်မွန်က ပိုက်ဆံ တောင်းသော အခါ ဒေါ်ရှယ်လီ စိတ်မကောင်း ဖြစ်မိသည်။
သမီး.... မောင်ကျော်က အလုပ် မလုပ်ဘူးလား... သူတို့ ဆိုင် အခြေအနေကရော
သူ သမီးကို ဘာမှ မပြောပြဘူး မေမေ... အလုပ်က အဆင်မပြေဘူးလို့တော့ ပြောတယ်

ဒါဆို... သမီး လာယူမလား... မမိုးနဲ့ ပေးခိုင်းလိုက်ရမလား" "သမီး လာယူပါ့မယ် မေမေ...

အိမ်သို့ ပိုက်ဆံ လိုသည့် အခါမှသာ သမီး လာရောက်လေ့ ရှိသည်။ မိခင် တစ်ဦး ဖြစ်၍ သမီး အပေါ် ဒေါ် ရှယ်လီ မညိုငြင်ရက်ပေ။ သို့သော် သားနှစ်ယောက်မှာမူ မည်သည့် အလုပ်မှ ရေရေရာရာ လုပ်ကိုင်ခြင်း မရှိဘဲ ယောက္ခမ ဆီမှ ပိုက်ဆံ တောင်းခိုင်းသော ယောက်ဖအား မကြည်မလင် ဖြစ်လာကြသည်။ အိမ်၏ ၀င်ငွေမှာ လည်း သားလတ် ကြိုးပမ်း အားထုတ်သော ဆိုင်၏ ၀င်ငွေများနှင့် သားကြီးမှ မိခင်အား လစဉ် ကန်တော့သော ငွေများပင် မဟုတ်လား။ ယခုဆိုလျှင် သမီးလေးမှာ ကိုယ်ဝန်ဆောင်ထား၍ မောင်ကျော်အား ပြတ်စဲရန် ပို၍ပင် ခက်ခဲနေသည်။ သမီးလေးမှာ ဒေါ်ရှယ်လီအား ဘာမှ မပြောသော်လည်း သမီး အကြောင်းအား ပတ်ဝန်းကျင်မှ ဒေါ်ရှယ်လီ နားနှင့် မဆန့်အောင် ကြားနေရသည်။

သမီး ကိုယ်ဝန်ကြီး တကားကားနှင့် အိမ်အလုပ်များ သိမ်းကြုံး လုပ်နေရပြီး ခင်ပွန်း အိမ်သို့ ပြန်ရောက်မည့် အချိန်ကို လည်ပင်းရှည်စွာ မျှော်နေရသည်တဲ့။ မိန်းကလေးများနှင့် တွဲသွားနေသောကြောင့် ပြောမိလျှင် ရန်ဖြစ် စကားများရ၍ လက်ပါ တတ်သည်။၊ လူမဆန်သော သူယုတ်မာ ကျော်ဇေယျ အရှိန်ဖြင့် တွန်း လိုက်သော ဒဏ် ကြောင့် သက်မွန်မှာ ကိုယ်ဝန် ပျက်ကျလုမတတ် ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မ၍ ကလေး ပျက်မကျခဲ့ ပေ။ စိတ်မချမ်းသာရသော သမီးလေးအား ဒေါ်ရှယ်လီ နေအိမ်သို့ ပြန်လည် ခေါ်ယူထား လိုသော်လည်း မောင်ကျော်ဇေယျမှ မိုက်ရိုင်းစွာ တုံ့ပြန်မှုကြောင့် အထမမြောက်ခဲ့။
"ငါ့ မိန်းမကို ငါ့ဘာသာ ဘယ်နေရာ ထားထား... ပြန်ခေါ်စရာ မလိုဘူးဟေ့... လုပ်ရဲရင် လုပ်ကြည့် ငါ့ အ ကြောင်း ကောင်းကောင်း သိစေရမယ်... ဘယ်လို မိသားစုမှန်းကို မသိဘူး... သူတို့ သမီးကို ရွှေကွပ်ထား မလို့ လား... အဖြစ်သည်းနေလိုက်တာ... ထွီ"သမီးကို ပြန်ခေါ်ထားရန် ဆိုမိသောကြောင့် မူးမူးဖြင့် ဆိုင်နှင့် အိမ် အ ရှေ့တွင် အော်ဟစ် ဆဲဆိုသွားသေးသည်။ သားများမှာ လက်သီးတပြင်ပြင် တောက်တခေါက်ခေါက်နှင့် ညီမ ဘက်မှ မခံမရပ်နိုင် ဖြစ်ရသည်။ဒေါ်ရှယ်လီဝင်ထိန်းထား၍ ဒုတ်ပွဲ၊ ဓားပွဲများ ဖြစ်မသွာြး

ယခင်က မိသားစုများ ပျော်ရွှင် သာယာခဲ့သော အိမ်လေးတွင် သမီး အတွက်၊ ညီမ အတွက် အပူအပင်များဖြင့် ရတက်မအေး ဖြစ်နေရသည်။ အိမ်ထောင်ရေးမှာ အလွန်ပင် မှန်းဆရ ခက်ခဲသည်။ ကောင်းမည် ထင်၍ စီမံ ခဲ့သော လူမှာ ယုတ်မာသူ တစ်ယောက် ဖြစ်နေမှန်း နောက်ကျမှ သိခွင့်ရသည်။ ထိုသူ၏ စရိုက်ကို ပိရိစွာ ဟန်ဆောင် ဖုံးကွယ်ထားခြင်းဖြင့် သိုဝှက်ထားသည်။ ကျိုးနွံစွာ ဟန်ဆောင် ရိုသေပြ၍ ပိုက်ဆံမက်သောကြောင့် သမီးလေးကို မရ ရအောင် ကြိုးပမ်း နားဖောက်ပြီး ယူခဲ့သည်။



" မေမေ... မေမေ့ သမီးကလည်း မဟုတ်ပါဘူး မေမေရာ.. ဒီလောက် မကောင်းတဲ့ ယောက်ျားကို သူက မပြတ်နိုင် ဖြစ်နေတာလား? စိတ်ညစ်ပါတယ်... မေမေလည်း အပြစ်ရှိသလို မခံစားနေပါနဲ့... မေမေတို့ ပေးစား တာ မှန်ပေမယ့် ဒီလောက် နှိပ်စက် နေရင် ညီမလေးက ပြတ်နိုင်ရမှာပေါ့... မေမေလည်း ဒီလို ဖြစ်လိမ့်မယ်လို့ ကြိုသိထားတာမှ မဟုတ်ဘဲ" "အေးပါ... သားလတ်ရယ်... အခုက ကိုယ်ဝန်ကြီးနဲ့ ဆိုတော့လည်း... ယောက်ျား အနားမှာ ရှိချင်တာလည်း ပါမှာပေါ့... မေမေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး"

"သား စုံစမ်းတုန်းက သူတို့ သားအဖက အဲ့ဒီ ရပ်ကွက်ထဲ ပြောင်းလာတာ သိပ် မကြာသေးတော့ လူတွေက သူတို့ကို လဲမှို့ အရောင်းအဝယ် လုပ်တဲ့ ကုန်သည် သားအဖလောက်ပဲ သိထားတာ... အဲ့ဒါကြောင့်သားသေချာ ဂဃဏန မသိခဲ့ရတာ..."သားကြီး၏ စကားများကို ဒေါ်ရှယ်လီ စိတ်ဝင်တစား နားထောင်နေမိသည်။



"အေးလေကွယ်... မေမေ့ဆီက စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြံအဉာဏ်နဲ့ အကူအညီတွေ တောင်းဖို့ အိမ်ကို အလည် လာတော့လည်း ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေးတွေပဲ။ မေမေကိုက လူအကဲခတ် ညံ့ပြီး တုံးတာပါ သားတို့ရယ်... ။ အခုတော့ သမီးလေး ခဗျာ..."

ပြောနေရင်းမှ ဒေါ်ရှယ်လီ၏ အသံမှာ တိမ်ဝင်သွားကာ ငိုရှိုက်နေလေသည်။ သားနှစ်ယောက်မှာ မိခင် အတွက် စိတ်မကောင်း ဖြစ်ရသည်။ အိမ်ထောင်ရေးမှာ ကိုယ်ဖြစ်လျှင် ကိုယ်တိုင်သာ ခံရသည်။ ဘေးမှ လူများက အကြံ ပေးရုံ၊ ကူညီရုံသာ တတ်နိုင်၍ ကိုယ်ကိုယ်တိုင် ထို နွံထဲမှ ရုန်းထွက် မှသာ ရမည်။ ကာယံကံရှင် ကိုယ်တိုင် ရွှံ့နွံ အတွင်းတွင် ဘ၀ကို အနစ်မွှန်းခံနေလျှင် ဘာမှ မတတ်နိုင်ပေ။ မကောင်းမှန်း သိနေလျှင် ပြင်နိုင်ရမည်။ ဘဝ အသစ်ကို အင်အားသစ်များဖြင့် စတင်ရဲရမည်။ နေသားကျ နေသော အခြေအနေတစ်ခု ဖြစ်သောကြောင့်သာ ဆိုးရွားသော အိမ်ထောင်ရေးကို ဖမ်းဆုပ်ထားစရာ မလိုအပ်ပေ။



"အဲ့ဒါ သူတို့က သားတို့ ပိုက်ဆံ ချမ်းသာတာကို မက်မောပြီး ညီမလေးကို အပိုင်ရအောင် သေချာ အကွက်ချပြီး မေမေ့နဲ့ သားတို့ အနားကို ချဉ်းကပ်ခဲ့တာ။ ဟန်ဆောင် လိမ်ညာခဲ့တာ မေမေ။ သူတို့ စီးပွားရေးကလည်း ပြုတ်ပြုတ်ပြုန်းနေပြီ... ပစ္စည်း ဥစ္စာ မက်မောလို့ ညီမလေးကို လက်ထပ်ခဲ့တာတဲ့.. အလကား အကျင့် သိက္ခာ မရှိတဲ့ မိသားစု... " ဒေါသကြောင့် သားကြီး၏ မျက်နှာမှာ နီမြန်းနေသည်။

ထိုနေ့က သက်မွန် အိမ်သို့ ရောက်လာသော အခါ နှုတ်ခမ်းတွင် သွေးစွန်းနေသည်။ ဒေါ်ရှယ်လီ ကြည့်ကာ သက်ပြင်းချ၍ -

"သမီးလေး... ဒီကောင့်ကို တရားဝင် ကွာရှင်းလိုက်ပါတော့နော်"

" ဒီတစ်ခါ သမီး မေမေတို့ ဆီက ပိုက်ဆံ ထပ်မတောင်းလို့ အရိုက်ခံရတာ မေမေ... မေမေတို့လည်း သမီး တောင်းသလောက် ပေးနေတာ အားနာလှပြီ... သမီး ဒီတစ်ခါတော့ အပြတ်ပဲ မေမေ..." "ဒီလိုမှပေါ့... ညီမလေးရယ်...။ ညီမလေး အနားမှာ ကိုလတ်တို့ ရှိတာပဲ... အားမငယ်နဲ့နော်... ငါ့ညီမနဲ့ မမွေးသေးတဲ့ ငါ့တူလေးကို တစ်သက်လုံး ကျွေးထားနိုင်တယ်..."

သက်မွန်၏ ရင်ထဲတွင် မောင်ကျော့် အပေါ် လင်သား တစ်ယောက် ဖြစ်သောကြောင့် မိဘများ ပေးစား၍ လက်ထပ်ခဲ့ရသော်လည်း သံယောဇဉ် ကြီးမားကာ ချစ်ခင်စုံမက်သည်။ သို့သော် ယခု တစ်ခေါက်တွင် သက်မွန် ဆက်လက် သည်းခံနိုင်စွမ်းအား မရှိတော့ပေ။ ထိုနေ့က တရားရုံးထဲတွင် သက်မွန်မှ ကွာရှင်းခွင့်ကို တောင်းခံ သည်။ အသိ သက်သေများမှလည်း သက်မွန်အား ကိုယ်ထိလက်ရောက် နှိပ်စက်ကြောင်း သက်သေ ထွက်ဆို သည်။ ဒေါ်ရှယ်လီမှာလည်း သမီးလေး လုံးပါးပါး၍ စိတ်ထောင်းကိုယ်ကြေ ဖြစ်မည် စိုးသောကြောင့် ကွာရှင်းခွင့် ရပါစေဟု တိတ်တဆိတ် ဆုတောင်းနေမိသည်။



မောင်ကျော်ဇေယျတို့ ဘက်မှ လုံးဝ ကွာရှင်း မပေးနိုင်ကြောင်း အတိအလင်း ဆိုသည်။ တရားသူကြီးအားလည်း မောင်ကျော်မှ ဇနီး အပေါ် ရိုက်ခဲ့မိသည့် အတွက် မှားကြောင်း၊ နောက်နောင် ဒီလို မဖြစ်အောင် ဆင်ခြင်မည် ဖြစ်ကြောင်း ပြောလျက် ရှိသည်။ ထို့နောက် ကျော်ဇေယျသည် ရုတ်တရက် သမီး အရှေ့ တည့်တည့်သို့ လှည့် ကာ ဒူးထောက် ထိုင်ချလျက် မျက်ရည်ခံ ထိုးကာ -

မွန်... ကိုယ့်ကို ခွင့်လွှတ်ပါ မွန်ရယ်... ကိုယ်လေ... မွန့်ကို သိပ်ချစ်တာ... ကိုယ့်ကို ခွဲမသွားပါနဲ့နော်... ကိုယ့် သားလေးနဲ့ ကိုယ်တို့ နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင် မိသားစုဘ၀လေး နေကြရအောင်နော်သက်မွန်မှာ ခင်ပွန်းဖြစ်သူ၏ မျက်ဝန်းများ ကို စိုက်ကြည့်ကာ မျက်ရည်များ ၀ိုင်းလာသည်။ လူပုံ အလယ် တရားရုံးတွင် မင်းသားရှုံး လောက်သော အိုက်တင် အမူအရာ များဖြင့် ဟန်ပန်မူ ပိုနေသော ထိုသကောင့်သားအား ဒေါ်ရှယ်လီ စူးစိုက် ကြည့်မိကာ ခပ်တိုးတိုး လေသံဖြင့် -သမီးလေး... စိတ်မပျော့နဲ့နော်... ဒီအကောင် ဒီလိုပဲ အကြိမ်ကြိမ် တောင်းပန်ပြီး သမီးကို နှိပ်စက်နေတာ... သမီးကို ချစ်လို့ မဟုတ်ဘူး... မေမေတို့ မိသားစုပိုင် ဥစ္စာ ပစ္စည်းတွေကို လိုချင်လို့မွန် မရှိရင် ကိုယ် မနေချင် ဘူး... ကိုယ်သေသွားမှာနော်...ကိုယ် တောင်းပန်ပါတယ် မွန်ရယ်.... ကိုယ့်ကို အခွင့်အရေးလေး တစ်ခါ လောက် ထပ်ပေးပါ။ ကိုယ့် မေတ္တာတွေကို ဥပေက္ခာ မပြုပါနဲ့... အဝေးဆုံးကို ထွက်မသွားပါနဲ့နော်... ကိုယ် ပြင်ပါ့မယ်... အရက်လည်း မသောက်တော့ဘူး... အခြား မိန်းကလေးတွေနဲ့လည်း မတွဲတော့ပါဘူးနော်... မွန်သာ ကိုယ့်ဘ၀ရဲ့ ခိုနားရာ အစစ်အမှန်ပါမျက်ရည်များ သုတ်ကာ တွေဝေငြိမ်သက်နေရာမှ

"အစ်ကို့နဲ့လည်း မွန် မခွဲနိုင်ပါဘူး... အစ်ကို ပြုပြင်မယ်ဆိုရင်လေ မွန်...."



သမီး၏ စကားလုံးများကို ဒေါ်ရှယ်လီ ဝေဝါးစွာ ကြားလိုက်ရသည်။ သွေးတိုးကာ မူးလဲသွားသော ဒေါ်ရှယ်လီ ကို ကြည့်ကာ သားများမှာ ဆေးရုံသို့ ဖုန်းဆက်သူက ဆက်နှင့် တရားရုံးခန်းထဲတွင် လူများ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်သည်။ "ငါ့ အမေ တစ်ခုခု ဖြစ်ရင် နင့်ကို တစ်သက်လုံး ခွင့်မလွှတ်ဘူး... သက်မွန်။ ဒီလောက် အောက်တန်းကျတဲ့ ယောက်ျားကို နင် မိသားစုထက် ပိုခင်တွယ်တယ်ပေါ့? နင် ငါတို့ အိမ်ရိပ် ဘယ်တော့မှ မနင်းနဲ့တော့! နင် အဲ့ဒီ ဗွက်နွံတွေထဲမှာ ပျော်နေရစ်တော့... နင့် ဘဝလည်း နစ်သထက် နစ်ပြီး ကူကယ်ရာမဲ့ ဖြစ်နေပြီ... နင့်လို ပညာတတ် မိန်းကလေး တစ်ယောက်က ဒီလို လူမျိုးဆီ ကနေ ရုန်းမထွက်နိုင်တာ ငါ ၀မ်းနည်းလို့ မဆုံးဘူး... ကိုယ့်ဘ၀ကို ယောက်ျားတစ်ယောက် အတွက် အဆုံးခံတယ်..."

သားလတ်၏ ဒေါသတကြီး ပြောသော စကားသံများကို ဒေါ်ရှယ်လီ မကြားနိုင်တော့ပေ။ ဦးနှောက် သွေးကြော ပြတ်ကာ ရုတ်တရက် ဆုံးပါးသွားသော ဒေါ်ရှယ်လီ၏ ဈာပနတွင် သမီး ဖြစ်သူ သက်မွန် တစ်ယောက် အဝေးမှ သာ ခပ်လှမ်းလှမ်း ကြည့်ခွင့်ရသည်။ တစ်ဦးတည်းသော သမီးလေး အတွက် စိတ်ပူပင်သောက ရောက်ရရှာ သော ဒေါ်ရှယ်လီသည် ယခုမှပင် အေးချမ်းသွားတော့သည်။ စိုးရိမ်မှုများကို သားများ ရိပ်မိလျှင် ပြဿနာများ ပိုမို ကြီးထွားမည် စိုး၍ ရင်တွင်း၌ ကြိတ်ကာ ငိုကြွေးခဲ့ရ၊ စိတ်ထောင်းကိုယ်ကြေဖြစ်ရ၊ အစား အအိပ် မမှန် ကာ၊ သွေးတိုးရောဂါ အခံဖြင့် အသက်အရွယ်လည်း ကြီးပြီဖြစ်၍ ရုတ်တရက် တိမ်းပါးသွားခဲ့ရသည်။

ဘယ်တော့မှ အစားထိုး မရသော ဆုံးရှုံးမှုကြီးကို သက်မွန် ရင်နှင့်မမျှအောင် ဝမ်းနည်းနာကျင်စွာ ခံစားရသည်။

ငိုရှိုက်ထား၍ နီအမ်းနေသော မျက်ဝန်းများဖြင့် ခေါင်းပေါ်၌ သဘက် တစ်ထည်ကို ခြုံပတ်၍ နွေနေပူအောက် တွင် သက်မွန်သည် ဒေါ်ရှယ်လီ၏ အုတ်ဂူမှ ဝေးရာသို့ တရွေ့ရွေ့ ထွက်ခွာသွားသည်။

စာရေးသူ - နီပိုနိုင်

Favorite( 0
share
You can comment if you sign up from login page.