Tag
Fashion

စတိုင်ရှိသူတွေမှာ ဘယ်လိုအလေ့အထလေးတွေရှိတတ်သလဲ

Ei Phoo Nge | 2018/06/22 14:16:39

စတိုင်ဆိုတာ ၀ယ်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ကိုယ့်မှာငွေရှိရင်တော့ ဖက်ရှင်ကိုဝယ်ယူလို့ရပေမယ့် စတိုင်ရှိဖိုတော့ ၀ယ်လို့မရဘူးနော်။ အဲဒီလိုပဲ ကိုယ်ပိုင်စတိုင်ရှိတဲ့သူတွေအတွက်လည်း ဖက်ရှင်အတွက် ငွေမလိုပါဘူး။ လူအများစုထဲမှာ အနည်းငယ်လောက်ကပဲ ကိုယ်ပိုင်စတိုင်နဲ့အထာကျနေတတ်တာပါ။ စတိုင်ကျခြင်းဟာ ကိုယ့်ကို တစ်စုံတစ်ခုပေါ်လွင်သွားစေတာမျိုးပါ။ ဒါပေမယ့် ခေတ်ပေါ်အ၀တ်အစားတွေနဲ့ လူတွေကြား ထင်းထင်းကြီးဖြစ်နေတတ်တာမျိုးကိုမှ စတိုင်ကျတယ်လို့ လူတော်တော်များများက ထင်တတ်ကြပါတယ်။ ကဲ..ဒီလိုဆိုရင် စတိုင်ရှိသူတွေမှာ ဘယ်လို အလေ့အထလေးမျိုးတွေရှိနေတတ်လဲ ကြည့်လိုက်ရအောင်။

သူတို့ဟာ Fashion နောက်ကို အမြဲလိုက်မနေတတ်ကြသလို ကိုယ်မြင်တဲ့အရာတိုင်းကို တစ်ပုံစံတည်း Copy မယူတတ်ကြဘူး..

ရာသီစာနဲ့လိုက်ဖက်တဲ့ဖက်ရှင်အ၀တ်အစားတွေအတွက် Websites တွေမှာ ဘာတွေခေတ်စားနေပြီလဲလို့ ရှာဖွေရတာဟာအဆင်ပြေပေမယ့် ထွက်တဲ့ဒီဇိုင်းတိုင်းအတွက် Websites တွေကိုဝင်ကြည့်ပြီး လျှောက်ရှာနေရတာမျိုးကို သူတို့ သိပ်လုပ်လေ့လုပ်ထ မရှိကြပါဘူး။ ဈေးကြီးပြီး Brand ကျတဲ့အ၀တ်အစားတိုင်းကလည်း သူတို့ကိုမဆွဲဆောင်နိုင်ပါဘူး။ ဈေးနည်းပေမယ့် သူတို့နဲ့လိုက်ဖက်ပြီး ကိုယ်ပိုင်စတိုင်တစ်ခုပေါ်လွင်သွားစေနိုင်ရင် အဲဒီအရာကိုသာ ရွေးချယ်လေ့ရှိကြပါတယ်။ နောက်ပြီး သူတို့ဟာ ခေတ်စားနေပါတယ်ဆိုတဲ့ ကိုယ်မြင်လိုက်တဲ့ အ၀တ်အစားဒီဇိုင်းတိုင်းကို ကော်ပီမယူတတ်ကြဘူး။

ဈေးဝယ်ဖို့ဝံ့ရဲကြသလို ဘယ်နေရာမှာမဆို သူတို့လိုချင်တဲ့ပစ္စည်းကို ရှာဖွေရတတ်ကြတယ်..

သူတို့ရဲ့စတိုင်တစ်ခုကိုတည်ဆောက်ဖို့ ဈေးဝယ်ရာမှာ ဟိုဆိုင်မှ ဒီဆိုင်မှလို့ မ၀ံ့မရဲဖြစ်မနေတတ်ကြပါဘူး။ သူတို့နဲ့လိုက်ဖက်ပြီး စတိုင်ကျမယ်ဆိုရင် ဈေးဆိုင်ငယ်လေးတွေထဲက ဈေးနည်းတဲ့ ဖန်စီပစ္စည်း၊ အ၀တ်အစားတွေကိုလည်း ရွေးချယ်တတ်ကြပါတယ်။ Brand ကျမှ၊ ဈေးတစ်ခုရှိမှလို့ မှတ်ယူမထားကြဘဲ သူတို့ကိုယ်ပေါ်တင်လိုက်တာနဲ့ စတိုင်ကျလှပသွားစေမယ့်အရာမျိုးကို သူတို့ရွေးနိုင်ကြတယ်။

ကိုယ့်ရဲ့ကိုယ်ပိုင်စတိုင်ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စတိုင်ကျကျဆင်ယင်တတ်ကြတယ်..

စတိုင်ကျတဲ့မိန်းကလေးတွေအတွက် ခပ်ရိုးရိုးဘလောက်စ်အင်္ကျီလေးတစ်ထည်ရလိုက်ရင်တောင် သူတို့ကိုယ်ပေါ်ရောက်ရင် လန်းသွားတတ်အောင် ၀တ်စားတတ်ကြပါတယ်။ ဘလောက်စ်အင်္ကျီလေးတစ်ထည်နဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို တွဲဝတ်လိုက်ရင်တောင် လိုအပ်တဲ့ Accessories ပါးပါးလေးနဲ့ ကပိုကရိုလေး ပြင်ဆင်တတ်ကြသူများပါ။ ကိုယ့်ခန္ဓာကိုယ်ရဲ့ ပိန်ခြင်း၊ ၀ခြင်း၊ အနေတော်ခြင်းအပေါ်မူတည်ပြီး ကိုယ်ဘာနဲ့ပိုလိုက်ဖက်မှုရှိတယ်ဆိုတာကို ကိုယ်ပိုင်စတိုင်အဖြစ်ဖန်တီး တတ်ကြသူများဖြစ်ပါတယ်။

သူတို့ကိုမြင်လိုက်ရင် အမြဲ တစ်ပင်တစ်ပန်းကြီး ပြင်ဆင်ထားတာမျိုးမတွေ့ရဘဲ သူများတွေထက် ဆွဲဆောင်မှုရှိနေတတ်ကြတယ်..

တစ်နေရာရာကိုသွားကြမယ်ဟေ့ဆိုရင်တောင် အခြားသူတွေက ဖက်ရှင်အရမ်းလန်းတဲ့ အ၀တ်အစားတွေ၊ ဒေါက်မြင့်တွေ၊ မိပ်ကပ်ခြယ်သမှုတွေနဲ့ ပြင်ဆင်နေရချိန်မှာ သူတို့ကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ဆွဲဆောင်မှုရှိမယ့်ပုံစံမျိုးပဲပြင်ဆင်တတ်ကြပါတယ်။ ဆံပင်ကို သေသေသပ်သပ်နဲ့ အချိန်ပေးနေရမယ့်အစား ကောက်ထားတဲ့သူဆိုရင် အနည်းငယ်ဖွလိုက်ရုံ sexy ကျနေစေမယ့်အသွင်မျိုး၊ ဖိနပ်ရွေးချယ်ရာမှာလည်း သွားမယ့်နေရာပေါ်မူတည်ပြီး ကိုယ်နဲ့လိုက်ဖက်မယ့် ပေါ့ပေါ့ပါးပါးစတိုင်မျိုး ရွေးချယ်တတ်ကြပါတယ်။ heavy ကြီးပြင်ဆင်နေတတ်သူမျိုးတွေမဟုတ်ပါဘူး။

ဈေးကြီးတဲ့အရာတွေကပဲ သူတို့ကို ပိုစတိုင်ကျစေမယ်ဆိုတာ သူတို့လက်မခံတတ်ကြဘူး...

ကိုယ်နဲ့လိုက်ဖက်ပြီး စတိုင်ကျစေဖို့ ငွေဖောဖောသီသီသုံးရမယ်လို့ သူတို့မယူဆကြဘူး။ ဖိနပ်ပါးလေးတစ်ရံ၊ ဘောင်းဘီရှည်တစ်ထည်၊ T-Shirt တစ်ထည်၊ မျက်မှန်တစ်လက်၊ ဆံပင်ပုံစံခပ်မိုက်မိုက်လေးနဲ့လည်း သူတို့ကအထာကျတတ်ကြပါတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာ စတိုင်တစ်ခုပိုင်ဆိုင်ဖို့ဆိုတာ နားလည်ကြသူများပါ။

Stylish တစ်ယောက်လို့ ပေါ်လွင်နေအောင် ၀တ်စားဆင်ယင်လေ့မရှိကြဘူး…

ကိစ္စများများကိုသိသူများဟာ ခပ်ဆိတ်ဆိတ်နေလေ့ရှိကြတယ်ဆိုတဲ့အတိုင်းပါပဲ။ စတိုင်ရှိသူများဟာ သူတို့ဟာ Stylish တစ်ယောက်ပါလို့ ပေါ်လွင်နေအောင် ခပ်ထင်းထင်း ၀တ်စားဆင်ယင်လေ့မရှိတတ်ကြပါဘူး။ စကတ်တိုကားကားလေးတစ်ထည်၊ ဖိနပ်ဒေါက်ပါးပါးတစ်ရံနဲ့တောင် ဘယ်လိုစတိုင်ကျအောင်ဝတ်ရမလဲသိတဲ့ သူတို့အဖို့တော့ လူတိုင်းကြည့်နေစေဖို့ထက် ကိုယ့်ကိုယ့်ကိုယ် သက်သောင့်သက်သာဖြစ်ဖို့နဲ့ ကြည့်လိုက်ရင် ခပ်ပါးပါးလေးနဲ့ လန်းနေစေဖို့၊ ဆွဲဆောင်မှုရှိနေစေဖို့ပဲ ၀တ်စားဆင်ယင်လေ့ရှိကြသူတွေဖြစ်ပါတယ်။



Written By Ei Phoo Nge

Favorite( 0
share
You can comment if you sign up from login page.