Tag
Lifestyle

မနက်ဖြန်ကို ကြိုဆိုပါ။

Kyi Kyi | 2018/06/11 16:08:08

ဘဝမှာ- ကိုယ့်ကိုယ်ကို ရောင်းစားတာရယ်။မယားငယ် ခံတာရယ်ကလွဲရင် အဆိုးရွားဆုံး လောကဓံမျိုးစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ရဖူးပါတယ်။ မြို့မျက်နှာဖုံးဆိုတဲ့ မိဘက ရုတ်တရက်လှည့်ပြောင်းသွားတဲ့ ကံကြမ္မာအောက် မှာ သမီးတယောက်အတွက် မထောက်ပံ့နိုင်တော့ဘူးလို့ သိလိုက်ရတဲ့နေ့ကစပြီး မနက်ဖြန်ဆိုတာကို စဉ်းစား ခဲ့ရတယ်။ ငါ့မိဘက အရာရှိမို့လို့ ငါနဲ့မထိုက်တန်တဲ့အလုပ်။ ငါက ကိုယ်ပိုင်အခန်းနဲ့နေခဲ့ရလို့ ငါမနေနိုင်တဲ့ နေရာ။ ငါ့ပညာအရည်အချင်းမျိုးနဲ့ ငါရသင့်တဲ့ လစာ ဆိုတာတွေကို မေ့ပစ်တတ်ဖို့တော့ အရင်ကြိုးစားရတယ်။



တခါတခါ လူတွေရင်ဆိုင်နေရတဲ့ လက်တွေ့ဘဝတွေဟာ ရုပ်ရှင်တွေ ဝတ္ထုဇာတ်လမ်းတွေထက် ဆန်းကျယ် နက်နဲ ပါတယ်။ အသက် ၁၆ နှစ်ကစပြီး အသက် ၂၇ နှစ်အထိ မနက်ဖြန်ကို ကြိုဆိုဖို့ ကိုယ်တယောက်တည်း အတွေးနဲ့ ဆုံးဖြတ်ခဲ့ရတယ်။ အဲဒီအတွေးတွေထဲမှာ - သည်းခံစိတ်။ ခဏပါပဲလို့ အားပေးတဲ့စိတ်။ တောင်းပန် တတ်တဲ့စိတ်။ ကြောက်လန့်တဲ့စိတ်တွေ ကြီးစိုးနေပြီး မခံချင်စိတ်နဲ့တစ်နေ့တော့ဆိုတဲ့ မျှော်လင့်ချက် အောက်မှာ ရှင်သန်နေခဲ့ရတယ်။

အသက် ၂၇ မှာ လောကကို တစ်ယောက်တည်းရင်ဆိုင်ရတာ ပင်ပန်းလိုက်တာလို့ ဘဝအဖော်နဲ့ လက်တွဲခဲ့ တယ်။ ကိုယ့်ရဲ့အသက် ၃၀ အတွက် မနက်ဖြန်တွေကိုတော့ လူ ၃ ယောက်စာအတွက် တွေးရင်း ကြိုဆိုခဲ့ရ တယ်ပေါ့။ ငါ့ယောက်ျား။ ငါ့သားသမီး ဆိုတဲ့ အတွေးတွေမှာ - ကိုယ်မသိတဲ့ သူတွေကိုပါ ထည့်တွက်နေရတာ

စိတ်ပင်ပန်းလှပါတယ်။



လူတိုင်းမှာ အားနည်းချက် အားသာချက်တွေရှိကြမှာဖြစ်ပေမယ့် အသင့်တော်ဆုံး ရွေးချယ်ပိုင်ခွင့်ကိုတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြရပါတယ်။ သားသမီးရဲ့အနာဂတ်လို့ တွေးလိုက်မိတဲ့ မိခင်တယောက်ရဲ့ အတွေးတွေ ဟာ မနက်ဖြန်တရက်တည်းနဲ့မလုံလောက်တော့တာ လောဘများဖြစ်နေမလား။ အခုတော့ ကျွန်မအတွေးတွေ ထဲမှာ လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်။ ရမှကိုဖြစ်မယ်ဆိုတဲ့စိတ်။ ဘာမဆိုရင်ဆိုင်ဖို့ ရဲရင့်တဲ့စိတ်ဓာတ်တွေပဲ ကြီးစိုး နေပြီး ကျွန်မနဲ့ ကျွန်မသားတွေကိုထိရင် အသက်ကိုတောင် လဲပစ်နိုင်တယ်ဆိုတဲ့စိတ်ပဲ ကျန်နေပါတော့တယ်။

ဒီနေ့ အသက် ၄၀ အရွယ် ကျွန်မရဲ့ မနက်ဖြန်တွေကိုတော့ ကျွန်မရဲ့ မိသားစုတင်မက လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းတစ်ရာကျော်အတွက်ပါ ထည့်တွေးနေရပါပြီ။ မိန်းမသားတစ်ယောက်ပဲလို့ အားနွဲ့ပြနေရင် မနက်ဖြန်ကို

ကြိုဆိုဖို့ မျက်ရည်လိုအပ်နေပါလိမ့်မယ်။ မိန်းမသားတယောက်ပဲလို့ အားကိုးရှာနေမိရင် မနက်ဖြန်ကိုကြိုဆိုဖို့ တစုံတယောက်ရဲ့အမိန့်စောင့်နေရပါလိမ့်မယ်။



မိန်းမသားတယောက်ပဲလို့ မလုပ်နိုင်တဲ့အရာတွေများနေရင် မနက်ဖြန်ကိုကြိုဆိုဖို့ ပေါ့ပါးတဲ့စိတ်နဲ့ အဆင်သင့် ဖြစ်နေမှာ မဟုတ်ပါဘူး။ ငါ့ရဲ့ မနက်ဖြန်မှာ ငါဘာလုပ်ရမှာလဲ။ ဒီမနက်ဖြန်က ငါ့အနာဂတ်ကိုဘယ်လို တိုးတက် စေမှာလဲ။ မှန်ကန်တဲ့ အဖြေရှိနေပါစေ။

မနက်ဖြန်မှာ စိတ်ညစ်စရာကောင်းတာကို ရင်ဆိုင်ရတော့မလား။ plan B အမြဲရှိနေပါစေ။ မနက်ဖြန်မှာ ပျော်ရွှင် ရတာတွေ တွေ့ကြုံရတော့မယ်။ ဘဝအတွက် အကျိုးအမြတ်ရှိနေပါစေ။ မနက်ဖြန်ကတော့ ရွေ့လျားနေတဲ့ နာရီ လက်တံတွေနဲ့အတူ လူတိုင်းအရှေ့ကို ရောက်လာနေမှာပါ။ ဘယ်လိုကြိုဆိုကြမလဲ။ ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါပဲ။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.