Tag
Lifestyle

မွန်းကြပ်တဲ့ဘဝ

Kyi Kyi | 2018/05/29 11:10:44

Guzaarish ဆိုတဲ့ India Bollywood ရုပ်ရှင်ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းလေးတခန်း အကြောင်းပြောပြချင်ပါတယ်။

လည်ပင်းအောက်ကစပြီး တကိုယ်လုံးမလှုပ်ရှားနိုင်တော့တဲ့မင်းသားက တရားရုံးမှာ မိမိကိုယ်ကို သတ်သေခွင့်လျှောက် ထားခဲ့ပါတယ်။ တရားသူကြီးက ခွင့်ပြုမိန့်မပေးတဲ့အခါမှာ အစိုးရရှေ့နေကို လူတယောက်စာသာဆန့်တဲ့ အလုံပိတ် သေတ္တာထဲမှာ ခဏဝင်နေပေးပါလို့ သူက တောင်းဆိုခဲ့ပါတယ်။



တစ်မီနစ်ပြည့်လို့ သေတ္တာတံခါးဖွင့်လိုက်တဲ့အခါ ချွေးတွေရွှဲနစ်ပြီး ကြောက်လန့်တကြား ဖြစ်နေတဲ့ အစိုးရရှေ့နေကြီးကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှမလှုပ်ရှားနိုင်တဲ့ မွန်းကြပ်မှုကိုမခံစားနိုင်တော့လို့ပါ လို့ ဖြေကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ မင်းသားက မင်းတောင် တကိုယ်လုံးမလှုပ်ရှားနိုင်တဲ့ မွန်းကြပ်မှုထဲ တစ်မီနစ်တောင်မနေနိုင်ရင် ငါ့အတွက် နှစ်ပေါင်းများစွာနေထိုင်ဖို့ဆိုတာ ကိုယ်ချင်းစာကြည့်ပေါ့ကွာလို့ နှိုင်းယှဉ်ပြခဲ့ပါတယ်။

ကျွန်မတို့ဘဝတွေကရောမျက်စိက မြင်နေရုံ။ နှာခေါင်းက အသက်ရှုနေရုံ။ ပါးစပ်က စကားပြောနေရုံ။ နားက ကြားနေရရုံ နဲ့ အသက်ရှင်သန်နေဖို့ လုံလောက်နေပါပြီလား။ မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်နေရတဲ့အချိန်တွေ။ ပြောပေမယ့် ဘယ်သူမှ အသိအမှတ်မပြုကြတဲ့အချိန်တွေ။ ကြားနေပေမယ့် ဘာမှတုန့်ပြန်ခွင့်မရတဲ့ အချိန်တွေမှာ လူတွေဟာ မွန်းကြပ်မှုဆိုတဲ့ ခံစားချက်ကို ခံစားကြရပါတယ်။



အသက်ဆက်မရှင်ချင်လောက်အောင် ပိတ်လှောင် မွန်းကြပ်နေတဲ့ ခံစားမှုမျိုးကို အရင်က ခံစားဖူးလား။ အခုရော ခံစား နေရလား။ နောင်အနာဂတ်မှာရော ဆက်ခံစားရဖို့ အဆင်သင့်ဖြစ်နေသေးလား မေးကြည့်ပါရစေ။ သေခြင်းကို ခွင့်ပြု ပေးပါ လို့ မတောင်းဆိုနိုင်ပေမယ့် ရှင်သန်နေချိန်မှာတော့ ပိတ်လှောင်မွန်းကြပ်မှုက ရုန်းထွက်ဖို့ နည်းလမ်းရှာကြံသင့် ပါတယ်။

- အမှန်တရားကို ပြောပြခွင့်မရသူတွေ။

- အပြင်လောကနဲ့ထိတွေ့ခွင့်မရသူတွေ။

- ကမ္ဘာလောကကြီးရဲ့ပြောင်းလဲမှုကိုမထိတွေ့နိုင်သူတွေ။

- သေးငယ်တဲ့အမှားလေးအတွက်အပြစ်တင်ခံနေရသူတွေ။

- အရာရာကို ထိန်းချုပ်ခြင်းခံနေရသူတွေ။

- ကိုယ့်အရိပ်တောင် ကိုယ်ပြန်ကြော

ပိတ်လှောင်မွန်းကြပ်မှုခံစားနေရတာကြာလာရင်ဘာဖြစ်လာမလဲ။

၁။ မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပါတယ်။

၂။ အရာရာကို မကောင်းမြင်တတ်လာပါတယ်။

၃။ ခံစားမှုကင်းမဲ့လာပါတယ်။

၎။ လွတ်မြောက်ခြင်းကိုသာ ဆာလောင်ငတ်မွတ်လာပါတယ်။

၅။ အမှားအမှန် ခွဲခြားနိုင်မှုကင်းဝေးလာကြပြီး ဘဝရဲ့ထွက်ပေါက်အဖြစ်သေခြင်းတရားကိုသာ သတိရနေမိတတ်ပါတယ်။

ယဉ်ကျေးမှုဓလေ့ထုံးစံ။ ဆင်းရဲမွဲတေခြင်း။ ဥပဒေကာကွယ်ပေးမှုမရှိခြင်း။ ပျင်းရိခြင်းတွေဟာ မွန်းကြပ်မှုမှ ရုန်းထွက် နိုင်စွမ်းမရှိစေတဲ့ တချို့သော ဆင်ခြေတွေဖြစ်ကြပါတယ်။ အနှစ် ၆၀ ဆိုတဲ့လူ့သက်တမ်းမှာ မွန်းကြပ်မှုတွေနဲ့ ဘယ်နှစ်နှစ် ဆက်နေနိုင်ပါသလဲ။ ရုပ်ရှင်ကားထဲက ရှေ့နေကြီးကတော့ တစ်မီနစ်နေရတာတောင် တုန်လှုပ်ခြောက်ခြားနေပါတယ်။ မွန်းကြပ်မှုနဲ့အသားကျနေတဲ့သူတွေကတော့ ဒဏ်ရာမပေါ်တဲ့ နာကျင်မှုတွေနဲ့လှိုက်စားရင် လူ့ဘဝဆိုတာ ဝဋ်ကြွေး ဆပ်တဲ့ နေရာလို့ စိတ်လျော့နေကြပါတယ်။

ပိတ်ထားတဲ့ တံခါးကို ကိုယ်တိုင်တွန်းဖွင့်ပါ။ ပိတ်ထားတာကြာနေရင်တော့ ကြပ်နေမှာပဲမို့ ခွန်အားသုံးရမှာပေါ့။

အပြင်ဘက်က အလင်းရောင်နဲ့လေကို ခံစားပါ။ အသက်ကို ဝအောင်ရှူပြီး မိမိရဲ့အရည်အချင်းအစစ်နဲ့လောကကြီးထဲ ဝင်ရောက်လိုက်ပါ။ မွန်းကြပ်မှုက တစ်မီနစ်လောက် လွတ်မြောက်တာတောင် ဘယ်လောက် ပေါ့ပါးလွတ်လပ်သလဲ ဆိုတာ ဒီနေ့ပဲစပြီး ခံစားကြည့်သင့်ပါတယ်။

Written By Kyi Kyi

Favorite( 0
share
You can comment if you sign up from login page.